လှိုင်သာယာတွင် COVID - 19 စောင့်ကြည့်လူနာ သီးသန့်ထားရှိရန် ပြင်ဆင်
နေလင်းအောင်
·
March 26, 2020
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ဆင်ခြေဖုံးရပ်ကွက်တွေမှာ COVID - 19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုတွေရှိလာရင် လှိုင်သာယာမြို့နယ်ခန်းမမှာ သီးသန့်ထားဖို့ လုပ်ဆောင်နေပါတယ်။
သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနအပါအဝင် အထွေထွေအုပ်ချုပ်ရေးမှူး၊ လဝက ၊ စတဲ့ ဌာနဆိုင်ရာအသီးသီးတွေနဲ့ပူးပေါင်းပြီး COVID - 19 ဗဟိုအထောက်အကူပြု ကော်မတီ ဖွဲ့စည်းကာ COVID - 19 ရောဂါ ထိန်းချုပ်မှုတွေ ပြုလုပ်နေတယ်လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကိုလည်း ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။
လှိုင်သာယာမြို့နယ်မှာရှိတဲ့ နိုင်ငံခြားသားအများစုနေထိုင်တဲ့ အိမ်ရာတွေကိုလည်း ကျန်းမာရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနအသီးသီးနဲ့ ပူးပေါင်းပြီး လိုက်လံစစ်ဆေးမယ့်အပြင် စက်ရုံ ၊ အလုပ်ရုံတွေမှာ COVID - 19 ရောဂါ ထိန်းချုပ်နိုင်အောင် လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ လက်ရှိအချိန်ထိတော့ COVID - 19 ရောဂါပိုးကူးစက်မှု တစ်ယောက်မှ မရှိသေးပေမယ့် သံသယနဲ့ စောင့်ကြည့်နေတဲ့ လူတွေကတော့ ရာဂဏန်းထိ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဲ့ဒီ သံသယရှိနေတဲ့ လူတွေကိုတော့ အမြဲမပြတ် စောင့်ကြည့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။