အိန္ဒိယတွင် အသွားအလာကန့်သတ်မှုကြောင့် ရွှေ့ပြောင်းလုပ်သားထောင်ချီ သောင်တင်
DVB
·
March 26, 2020
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်နိုင်ဖို့ အသွားအလာကန့်သတ်တာတွေ လုပ်နေတာကြောင့် မတ် ၂၅ ရက်က ရွှေ့ပြောင်းလုပ်သားထောင်ချီပြီး သောင်တင်နေပါတယ်။
ဝန်ကြီးချုပ် နာရန်ဒါ မိုဒီက ဒါဟာ ကပ်ဘေးကို ရှောင်လွှဲဖို့ တခုတည်းသော နည်းဖြစ်တယ်လို့ ပြောကြားပြီးနောက် သီတင်း ၃ ပတ်ကို လူတိုင်း အိမ်ထဲက အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။
အိန္ဒိယမှာ အသွားအလာတွေ ကန့်သတ်လိုက်တာကြောင့် တချို့ ရွှေ့ပြောင်းလုပ်သားတွေဟာ ခရီးဝေးတွေကို ကုန်းကြောင်း သွားနေရပါတယ်။
ရွှေ့ပြောင်းအဖွဲ့ အုပ်စုတစုဟာ ကီလိုမီတာ ၂၀၀ ဝေးတဲ့ ဒေလီက အာဂရာမြို့ကို ကုန်းကြောင်း သွားဖို့ ကြံရွယ်နေပါတယ်။
အဲဒီလို ထိန်းချုပ်အစီအမံတွေရဲ့ စီးပွားရေးဟာ ထိခိုက်မှုဟာ အိန္ဒိယနိုင်ငံသား အ တော်များများအတွက် သက်ရောက်မှု ကြီးမားနေပါတယ်။ လန်ချားသမားကနေ ဈေးသည်အထိ ပုံမှန် အိမ်ငှားခ မပေးနိုင်တဲ့ သူတို့ မိသားစုအိမ်တွေဆီ မဖြစ်မနေ ပြန်နေရပါတယ်။
အဲဒီလို ကျေးလက်ဒေသတွေဆီ အလုံးအရင်း သွားရောက်တာက ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ ဒေသတွေမှာ ဗိုင်းရပ်စ် ကူးစက်တာကို မြန်ဆန်စေတယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အလုပ်သမားအခွင့်အရေးလှုပ်ရှားမှု အဖွဲ့တဖွဲ့ အဆိုအရ အိန္ဒိယနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား သန်း ၁၂၀ လောက် ရှိတယ်လို့ သိရပါတယ်။
ဒီနေ့ညနေအထိ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၉၃ ဦးနဲ့ သေဆုံးသူ ၁၃ ဦး ရှိပါတယ်။ ဒါဟာ တရုတ်၊ အီတလီ ၊ စပိန် တို့နဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး။
ဒါပေမဲ့ ကမ္ဘာ့ဒုတိယ လူဦးရေ အများဆုံး နိုင်ငံအနေနဲ့ တင်းကျပ်တဲ့ အစီအမံတွေကို မလုပ်ဆောင်ရင် အိန္ဒိယဟာ ကူးစက်မှု လှိုင်းတံပိုးကို ရင်ဆိုင်ရနိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။