Home
မြန်မာသတင်း
ပုသိမ်မြို့က မြန်မာနစ်တင်း အထည်ချုပ်စက်ရုံ အလုပ်သမား ၂၉၀၀ ခန့် အလုပ်ရပ်နားခံရ
DVB
·
March 26, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ စက်မှုဇုန်အတွင်းက မြန်မာ နစ်တင်းအထည်ချုပ်စက်ရုံဟာ မတ်လ ၂၄ ရက်ကစတင်ပြီး အလုပ်သမား ၂၉၀၀ နီးပါးကို လျှော့ချဖို့အတွက် စက်ရုံအတွင်းကြေညာခဲ့တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ အလုပ်သမားလျှော့ချရာမှာ အလုပ်သမားတွေအတွက် အခွင့်အရေးတွေအပြည့်အဝရရှိဖို့နဲ့ အလုပ်ပြန်စချိန်မှာ အားလုံးအလုပ်ပြန်လည်ရရှိနိုင်ဖို့အတွက် တိုင်းအစိုးရအဖွဲ့က ဝန်ကြီး၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေ မတ်လ ၂၅ ရက် ညနေပိုင်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောပါတယ်။ “အခုက စက်ရုံကလျှော့လိုက်တာက အလုပ်သမား ထက်ဝက်ကျော်လောက်ဖြစ်နေတယ်။ အလုပ်ပြန်စတဲ့ အချိန်မှာ လျှော့လိုက်တဲ့သူတွေကို ဦးစားပေးခန့်ဖို့နဲ့ မူလနေရာ မူလရာထူးအတိုင်း အလုပ်သမားတွေဘက်က ပြန်မခန့်မှာကို စိတ်ပူနေလို့ ခေါ်ညှိပေးတာပါ၊ အားလုံးအဆင်ပြေ ပါတယ်” ပုသိမ်မြို့မှာရှိတဲ့ မြန်မာနစ်တင်းအထည်ချုပ်စက်ရုံကထွက်တဲ့ ထုတ်ကုန်တွေကို အီတလီ နိုင်ငံကို ဓိကတင်ပို့နေရာတာဖြစ်ပြီး လက်ရှိ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရတဲ့ လူဦးရေများလာပြီး သေဆုံးမှုနှုန်းမြင့်တက်လာခဲ့ပြီးနောက် မှာယူထားတဲ့ အော်ဒါတွေကို မယူ တော့သလို ကုန်ပစ္စည်းထပ်ပြီးမှာယူတာတွေမရှိတော့လို့ စက်ရုံက အလုပ်သမားအင်အားကို လျှော့ချပစ်လိုက်တာဖြစ်ပါတယ်။ စက်ရုံအလုပ်သမားသမဂ္ဂအလုပ်မှုဆောင်အဖွဲ့ဝင် ကိုအောင်နိုင်ဦးက “အလုပ်အော်ဒါ ပြန်ဝင်ရင် အလုပ်ပြန်ခန့်ပေးဖို့၊ အလုပ်ပြန်ခန့်တဲ့အခါ မူလနေရာ မူလရာထူး ပြန်ရဖို့အတွက် ဒီနေ့တွေ့ဆုံညှိနှိုင်းခဲ့တာပါ၊ စက်ရုံဘက်ကလည်း အဲ့အချက်တွေကို သဘောတူပေးပါတယ်”လို့ ပြောပါတယ်။ စက်ရုံက လျှော့ချလိုက်တဲ့ ဝန်ထမ်း ၂၉၀၀ နီးပါးကို မတ်လအတွက် အလုပ်လစာ၊ နို့တစ်ကြေး တစ်လစာ၊ လုပ်သက်အလိုက် အလုပ်ရပ်စဲ နစ်နာကြေး၊ လုပ်သက်ခွင့်ခံစားခွင့် ငွေကြေးနဲ့ နှစ်စဉ်သင်္ကြန် အပိုဆုကြေးတွေ  စက်ရုံတာဝန်ရှိသူတွေက မတ်လ ၃၁ ရက်မှာ အပြီးထုတ်ပေးမှာဖြစ်ပြီး တစ်ဦးကို နှစ်အနည်း အများအလိုက် ကျပ် ၃ သိန်းနဲ့ ၄ သိန်းဝန်းကျင် ရနိုင်မယ်လို့ အလုပ်သမားသမဂ္ဂအဖွဲ့ထံက သိရပါတယ်။ အလုပ်ရပ်နားခံရတဲ့ ဝန်ထမ်းအများစုက ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ဒါးက စတဲ့မြို့နယ်တွေရှိ ကျေးရွာတွေကအများစုဖြစ်ပြီး လက်ရှိအချိန်မှာ ရတဲ့အလုပ် အဆင်ပြေတဲ့ အလုပ်ကိုလုပ်မှာဖြစ်ကာ အလုပ်အော်ဒါပြန်ရတဲ့ အချိန်ထိ စောင့်နေမှာဖြစ်တယ်လို့ အလုပ် သမားအများစုက ပြောပါတယ်။ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ စက်မှုဇုန်အတွင်း စက်ရုံ ၈ ရုံရှိပြီး မြန်မာ နစ်တင်းစက်ရုံက အလုပ်သမား ၅၀၀၀ နီးပါးနဲ့ စက်ရုံလည်ပတ်နေတာဖြစ်ပါတယ်။ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာရှိတဲ့ ဟွာမှုန်အထည်ချုပ်စက်ရုံကတော့ ဖေဖော်ဝါရီ ၂၉ ရက်ကစလို့ စက်ရုံကုန်ကြမ်းပစ္စည်းတွေမရရှိတာကြောင့် စက်ရုံကို ပထမဆုံး ယာယီရပ်နားခဲ့ရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024