Homeမြန်မာသတင်း
ထိုင်းရောက် မြန်မာနိုင်ငံသားများကို COVID-19 သတိပေးချက်များ စောင့်ကြည့်ရန် တိုက်တွန်း
ထိုင်းရောက် မြန်မာနိုင်ငံသားများကို COVID-19 သတိပေးချက်များ စောင့်ကြည့်ရန် တိုက်တွန်း
DVB
·
March 26, 2020
ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ COVID-19 နဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ထိုင်းအစိုးကထုတ်ပြန်တဲ့ ကျန်းမာရေးသတိပေးချက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်ကြဖို့ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က တိုက်တွန်း ပြောကြားလိုက်ပါတယ် ။
မြန်မာ-ထိုင်းနိုင်ငံချစ်ကြည်ရေးတံတား အမှတ်(၂)မှာ မတ် ၂၅ ရက်မနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် COVID-19 ကျန်းမာရေးနဲ့ပတ်သက်ပြီးပြောကြားရာမှာ သတိပေး တိုက်တွန်းလိုက်တာပါ။
ထိုင်းနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို မတ် ၂၀ ရက်မှ ၂၅ ရက် နေ့လယ် ၃ နာရီအထိ လူဦးရေ ၂၁၇၄၉ ဦးကို COVID-19 ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးသန်းဇင်အောင်က “မြန်မာနိုင်ငံအစိုးရအဖွဲ့က ထုတ်ပြန်နေတဲ့ ထုတ်ပြန်ချက်တွေတင်မဟုတ်ဘဲ ထိုင်းနိုင်ငံကထုတ်ပြန်ချက်တွေကိုလည်း ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက အမြဲ မျက်ခြေမပြတ် စောင့်ကြည့်ဖို့လိုအပ်တယ်။ ဒီကာလက အရမ်းအရေးကြီးတဲ့ကာလ ဖြစ်တယ်”လို့ ပြောပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာ၊ ကိုစိုးမိုးနိုင်က “အပေါ်မှာက အခြေအနေ ကတော့ မကောင်းတော့ဘူး။ ဒီ ရောဂါအခြေအနေဖြစ်နေရင် ကျနော်တို့ ရှေ့ဆက်နေလို့ မဖြစ်တော့ဘူး”လို့ ပြောပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ အပြန်လမ်းခရီးတစ်လျှောက်လုံး COVID-19နဲ့ ပတ်သက်ပြီး ကူးစက်မခံရအောင်၊ ရောဂါမပြန့်ပွားအောင် ကာကွယ်နည်းတွေကိုရှင်းပြခဲ့သလို ကျန်းမာရေး စောင့်ရှောက်မှုခံယူဖို့ အခက်အခဲရှိသူတွေကို မြဝတီပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူဖို့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင် က“ရောဂါမပြန့်ပွားအောင် ဘယ်လိုမျိုးထိန်းသိမ်းရမယ်ဆိုတာလည်း သူတို့ကိုရှင်းပြတယ်။ ကိုယ်အိမ်မှာ အခက်အခဲရှိတယ်ဆိုရင်လည်း ဒီမှာ စီစဉ်ထားတယ်”လို့ ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားပေါ်ကနေ မြန်မာနိုင်ငံသား ရွေ့ပြောင်းလုပ်သားတွေကို မတ် ၂၀ ရက်နေ့က စတင်ပြီးဝင်ရောက်ခွင့်ပြုခဲ့ရာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် COVID-19 စစ်ဆေး စောင့်ကြည့်ခဲ့တဲ့အပြင် ပြည်နယ်အစိုးရက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနဲ့ ချိတ်ဆက်ကာ မော်တော်ယာဉ်တွေနဲ့ အခမဲ့ပို့ဆောင်ပေးခဲ့ပါတယ်။
ကရင်ပြည်နယ်အတွင်း ထိုင်းနိုင်ငံကနေပြန်ဝင်ရောက်လာသူတွေထဲ COVID-19 သံသယစောင့်ကြည့် လူနာအဖြစ် ဘားအံပြည်သူ့ဆေးရုံကြီးမှ ၁ ဦးနဲ့ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံ တိုက်နယ်ဆေးရုံမှ လူနာ ၁ ဦးတို့ကို သံသယစောင့်ကြည့်လူနာအဖြစ်ထားရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း- ရဲမင်းခေါင်