A d v e r t i s e m e n t With Us

မိတ္ထီလာဒုက္ခသည်ကလေးများ ၀မ်းလျှော၊ အချိန်မီ ထိန်းသိမ်းနိုင်ဟုဆို

မိတ္ထီလာမြို့မှာ အဓိကရုဏ်းတွေကြောင့် ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ အထောက်အပံ့တွေ ရရှိနေပြီဖြစ်သလို တချို့စခန်းတွေမှာလည်း ၀မ်းလျှောတာတွေ ဖြစ်ပွားပေမယ့် အခြေအနေကို ထိန်းနိုင်ခဲ့ပါတယ်။ မိတ္ထီလာ အမှတ် ၃ အထက်တန်းကျောင်းက ကလေး ၃၀ လောက် ၀မ်းလျှောရောဂါတွေ ဖြစ်ပွားခဲ့ပေမယ့် အချိန်မီ ထိန်းသိမ်းနိုင်ခဲ့တယ်လို့ မိတ္ထီလာမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထိန်က ပြောပါတယ်။ ဒီလို ဖြစ်ပွားခဲ့ပေမယ့် ရွှေ့ပြောင်း ဆေးဝါးကုသပေးနေတဲ့သူတွေကြောင့် အခြေအနေတွေကို ထိန်းသိမ်းနိုင်ခဲ့ပြီးတော့ ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတာ ရပ်တန့်သွားတယ်လို့ သူက ပြောပါတယ်။ “အ.ထ.က ၃ မှာ ၁၁ ယောက်လောက်ဖြစ်တယ်။ ဆေးရုံကြီးမှာလည်း တခြားမြို့နယ်တွေက ဆရာဝန်တွေခေါ်လာပြီး Mobile Medical Team ၆ ဖွဲ့ ဖွဲ့ထားတာရှိတယ်။ ပစ္စည်းလည်းစုံတယ်။ ဖြစ်တာနဲ့ချက်ချင်းဆောင်ရွက်ပါတယ်။ စောင်လိုမယ်၊ အ၀တ်အစားလိုမယ်၊ ကျနော်လည်း တတ်နိုင်သလောက်ရှာပေးနေတယ်။” ဒီအမှတ် ၃ အထက်တန်းကျောင်းမှာ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ခိုလှုံနေကြပြီး နေထိုင်စားသောက်မှု အခြေအနေကို ဒုက္ခသည် ဦးခင်မောင်အေးက အခုလို ပြောပါတယ်။ “အစားအသောက်ကတော့ ဒီနေ့ ဆန်ပေးတော့ ချက်စားတယ်။ အပြင်ကလာတဲ့ အစားအသောက်တွေ အခု ခဏရပ်ထားတယ်။ တချို့အစပ်တွေပါတော့ ၀မ်းသွားလို့လေ။ တချို့လည်း ဆေးပေးတော့ ၀မ်းလျှောတာ ပြန်ရပ်သွားကြပြီ။ အစားအသောက်ကလို့ ထင်တယ်။ သန့်ရှင်းမှုကနည်းတော့လေ။ အခုနောက်ပိုင်းတော့ ရေဖောဖောသီသီရလာတဲ့အခါ ပြန်အဆင်ပြေသွားပါပြီ။ ကလေးတွေ ၂၀-၃၀ လောက် ၀မ်းလျှောသွားတော့ ချက်ချင်းပဲ ဆေးအမြန်ဦးအောင်လုပ်လိုက်တော့ သက်သာသွားတယ်။ အခက်အခဲတော့ သိပ်မရှိဘူး။ သောက်ရေအခက်အခဲ ဒီနေ့ရှိတော့ ခုနကတော့ ရေသန့်တွေလာချပေးသွားတယ်။ သူတို့ကို တင်ပြလိုက်ရင် သူတို့ပေးပါတယ်။” မွတ်စလင်ဒုက္ခသည်တွေကို စခန်း ၅ ခုမှာ ခွဲထားပြီး ဗုဒ္ဓဘာသာဝင်တွေကိုတော့ ဘုန်းကြီးကျောင်းတွေမှာ ထားရှိပါတယ်။ ဒုက္ခသည်တွေရဲ့ လုံခြုံရေးကြောင့် အိမ်ကို ပြန်ခွင့်မပေးသေးပေးမယ့် ထောက်ပံ့ ကူညီတာတွေက လုံလောက်တယ်လို့လည်း ဆိုပါတယ်။ မိတ္ထီလာခရိုင် အထက်မြန်မာပြည် ဗကသများအဖွဲ့ချုပ်က ကိုအောင်နေပိုင်က ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ကူညီပေးနေတယ်လို့ ပြောပါတယ်။ “စာမေးပွဲဖြေမယ့် ကျောင်းသားကျောင်းသူတွေ တချို့ပြန်ရသွားရတာ ပဋိပက္ခအချိန်မှာ အခက်အခဲရှိတော့၊ စာမေးပွဲဖြေဆိုခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်တဲ့အခါမှာလည်း တချို့ကျောင်းသားတွေ အမှန်အကန် မသိရဘူး။ မြို့ပေါ်နေသူတွေသိတယ်။ ဒါပေမယ့် တချို့ မနက်ပိုင်း လာမဖြေရဘူးဆိုပေမယ့် မနက်ပိုင်းလာဖြေတဲ့ကျောင်းသားတွေ ရှိတယ်။ ကျောင်းရောက်မှ မဖြေရဘူးဆိုတာသိသွားတယ်။ တချို့လည်း သွားရေးလာရေး အခက်အခဲပေါ့။ တချို့ ရှမ်းပြည်က ကျောင်းသူတချို့ဆိုရင် မန္တလေးကိုသွား အဲကနေ လေယာဉ်ဆင်းပြီး ဟဲဟိုးဆင်းရတယ်။ အဲလို အခက်အခဲကြုံရတယ်။ ဒါတွေကို ကျနော်တို့ကူညီပေးရတယ်။ ကျောင်းကနေ ကားစီစဉ်ပေးရတယ်၊ မန္တလေးကို ရောက်နိုင်ဖို့လေ။ နည်းပညာတက္ကသိုလ်တွေလည်း ကျနော်ကိုယ်တိုင်လည်း တက်နေတာဆိုတော့ အဲဒါတွေ အကုန် သွားရေးလာရေးတွေ စီစဉ်ပေးရတယ်။” ဒါအပြင် မိတ္ထီလာက ဒုက္ခသည်တွေကို မတ် ၂၃ ရက်နေ့ကစတင်ပြီးတော့ ထောက်ပံ့ ကူညီတာတွေ လုပ်ပေးနေသလို အကူအညီတွေဟာလည်း အားရစရာကောင်းတယ်လို့ ဂဋ္ဌုန်နီဆရာတော်က မိန့်ကြားပါတယ်။ “ဆန်၊ ဆီ၊ သောက်ရေသန့်၊ အ၀တ်အထည်၊ ဆေးဝါးပစ္စည်း၊ မုန့်တွေပေါ့။ စားရေးသောက်ရေးက အဆင်ပြေနိုင်တယ်။ တနေကုန် ကားတွေနဲ့ အသင်းလိုက်၊ အဖွဲ့လိုက်၊ ကုမ္ပဏီတွေကရော လာကြတယ်။ အတော်အားရစရာကောင်းတယ်။ လာပို့ကြတာ အများကြီးပါ။” မိတ္ထီလာကို ကုလသမဂ္ဂ လူသားချင်းစာနာထောက်ပံ့ရေး အဖွဲ့ကလည်း သွားရောက်နေသလို ၈၈ မျိုးဆက် ကျောင်းသားတွေကလည်း ဒုက္ခသည်တွေကို အိမ်ပြန် ဆောက်ပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ မိတ္ထီလာမှာ မတ် ၂၀ ရက်ကစပြီး အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဒုက္ခသည် ၁ သောင်းခွဲလောက်ဟာ မိတ္ထီလာက ကျောင်းတွေ၊ ခရိုင်ဘောလုံးကွင်းနဲ့ ဘုန်းကြီးကျောင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေပါတယ်။ မတ် ၂၂ ရက်နေ့မှာတော့ အစိုးရက ပြန်လည်ထူထောင်ရေး စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ထောက်ပံ့ကူညီတာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေတယ် လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up