ပြည်ပပြန် နိုင်ငံသားများကို နေပြည်တော်ဆေးရုံများတွင် ထားရှိ စောင့်ကြပ်ပေးနေ
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 26, 2020
COVID 19 ကူးစက်ပျံ့နှံ့မှာကို ကာကွယ်တဲ့အနေနဲ့ ပြည်ပနိုင်ငံတွေက ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ဦးကို နေပြည်တော်က ဆေးရုံတွေမှာ ထားရှိ စောင့်ကြပ်ပေးနေတယ်လို့ သိရပါတယ်။
"နယ်စပ်တွေမှာ ကြံခုတ် ဘာညာလုပ်တဲ့ သူတွေပေါ့။ ဒီပုဗ္ပသီရိမြို့နယ်ထဲမှာနေကြတဲ့ သူတွေပါပဲ။ သူတို့တွေက လူနာမဟုတ်ပါဘူး။ WHO ရဲ့ လမ်းညွှန်ချက်တွေ ကျနော်တို့ ကျန်မာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကြောင့် ပြည်ပကပြန်လာလို့ ကျန်းမာရေးအရ စစ်ဆေး စောင့်ကြပ်ပေးတာပါ" လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောပါတယ်။
နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ ပြည်နိုင်ငံတွေက ပြန်လာတဲ့သူတွေကို သက်ဆိုင်ရာနယ်မြေ ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ကြပ်မှုပေးနေပြီး ပုဗ္ပသီရိမြို့နယ်မှာ ၂၆ ဦး၊ ဇေယျာသီရိမြို့နယ်မှာ ၁၁ ဦး၊ ဒက္ခိဏ သီရိမြို့နယ်မှာ ၁၉ ဦးတို့ကို စောင့်ကြပ်ပေးနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ COVID 19 ရောဂါပိုးတွေ့ရှိသူ ၃ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။