Home
မြန်မာသတင်း
ထိုင်းနယ်စပ်မှ ပြန်လာသူများ ဖားဆောင်းမြို့နယ် ခဲမဖြူကျေးရွာအတွင်း မဝင်ရန် ကန့်သတ်
နော်နိုရင်း
·
March 25, 2020
CONVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကျေးရွာအတွင်း ဖြစ်ပွားမှုမရှိစေဖို့ ရည်ရွယ်ပြီး ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာမှာ ပြည်ပကနေ ပြန်လာသူတွေကို လက်မခံဖို့ ဒေသန္တရအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနယ်စပ်တရားမဝင် ဝင်ပေါက်ထွက်ပေါက်တွေကနေတဆင့် နယ်စပ်ဒုက္ခသည်စခန်းတွေ ဖြစ်တဲ့ မယ်ဆူရင်း၊ မယ်လ၊ မယ်ရာမို၊ သောလဲထနယ်စပ် ဒုက္ခသည်စခန်းတွေအပြင် ထိုင်းနိုင်ငံ အတွင်းသွားရောက် အလုပ်လုပ်သူတွေ ပြန်ဝင်လာပါက ရွာတွင်းမှာ လက်မခံဖို့ ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။  ဒီလိုထုတ်ပြန်ရတာဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တာဖြစ်ပြီး ပြန်လာတဲ့သူတွေအနေနဲ့ ဖားဆောင်းမှာရှိတဲ့ ကျန်းမာရေးဌာနမှာ အစစ်ဆေးခံပြီးမှသာ လက်ခံမှာဖြစ်တယ်လို့ ကရင်နီအ မျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) ဥက္ကဋ္ဌ ဦးစောရစ်ချဒ်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ကျေးရွာ ကိုရိုနာရောဂါ မဝင်နိုင်အောင် ကျနော်တို့ ပိတ်ထားခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့သူရော၊ တခြားနိုင်ငံမှာ အလုပ်သွားလုပ်တဲ့သူတွေရှိတယ်။ အဲတော့ ကျနော်တို့က အထက်ကတဆင့် ကျနော်တို့ မေးကြည့်တဲ့ အခါကျတော့ သူတို့က ပိတ်ပါ။ ပိတ်တယ်ဆိုတာက ကျနော်တို့ သားသမီးတွေ ဒီဒေသက သားသမီးတွေ ပြန်လာမယ်ဆိုပါက ဥပမာ ပညာသင်တာတွေဘာတွေ ပြန်လာမယ်ဆိုရင် မောင်းပြန်လို့လည်း မကောင်းဘူး။ ဒါပေမယ့် တခုတော့ရှိတာပေါ့ သူတို့ပြန်လာရင် သက်ဆိုင်ရာဌာနမှာ ဖားဆောင်းမှာ ဆေးရုံလည်းရှိတယ်။ အဲမှာသွားပြပြီးမှ ရောဂါရှိမရှိ ၁၄ ရက် စိစစ်ပြီးမှ မရှိလို့ရှိရင် ပြန်လွှတ်မှာဖြစ်ပါတယ်။  အဲဒါဘာဖြစ်လို့လဲဆိုရင် ကျနော်တို့နိုင်ငံတော်က တရားဝင်ဖွင့်ထားတဲ့ လမ်းတွေရှိပါတယ်။ ဒါပေမယ့် ခိုးပြီးမှ ဝင်လာတဲ့လမ်းရှိတဲ့အတွက် ကျနော်တို့က တစိတ်တဒေသအနေနဲ့ ဒီမှာ အခက်အခဲ မရှိအောင်ဆိုပြီးမှ ပိတ်ရခြင်းဖြစ်ပါတယ်။ ” ဒါ့အပြင် ရွာခံမဟုတ်တဲ့ သူတွေအနေနဲ့ နယ်စပ်လမ်းတွေကနေတဆင့် ရွာတွင်း ခေတ္တဝင်အိပ် တာတွေ၊ တည်းခိုတာတွေ မလုပ်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ နယ်စပ်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့သူတွေအနေနဲ့ စခန်းမှာ သတ်မှတ်ထားတဲ့အတိုင်း နေထိုင်ပေးဖို့၊ ရောဂါဖြစ်ပွားရင်လည်းသက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့ကသာ ကြည့်ရှုမှာဖြစ်တာ ကြောင့် ဟိုသွားလိုက် ဒီပြန်လိုက် ကူးလူးသွားလာမှုမပြုဖို့လည်း ဦးစောရစ်ချဒ်က မေတ္တာရပ်ခံထား ပါတယ်။ ခဲမဖြူကျေးရွာဟာ ဖားဆောင်းမြို့နယ်အတွင်းမှာ ရှိတဲ့ကျေးရွာဖြစ်ပြီး ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။  ရွာပေါင်း ၆၀ လောက်က ပြည်သူတွေ လာရောက်စုစည်း နေထိုင်တဲ့ စုစည်းကျေးရွာဖြစ်ပြီး လက်ရှိ အိမ်ခြေ ၄၁၅ လုံး၊ လူဦးရေ ၂၀၀၀ ကျော် နေထိုင်တဲ့‌ကျေးရွာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအများဆုံး သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ ကိုရိုနာရောဂါ ကူးစက်ပြန့်ပွားတဲ့အတွက် ထိုင်းနဲ့ ကယားပြည်နယ် ဝင်ပေါက်တွေဖြစ်တဲ့ လွိုင်ကော်မြို့နယ် ဝါရီကောမူအဝင်ဂိတ်၊ ထီးစဲခါးအဝင်ဂိတ်၊ ရှားတောမြို့နယ်ရှိ ဘီပီ ၉ ဝင်ပေါက်၊ ဘော်လခဲမြို့နယ်ရှိ ရွာသစ်ဂိတ်ပေါက်၊ မယ်စဲမြို့နယ်ရှိ ဘီပီ ၁၃ နဲ့ ၁၄ ဝင်ပေါက်တွေကနေ ပြန်လည်ဝင်လာပါက သက်ဆိုင်ရာကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျန်မာရေးဌာနကို ဆက်သွယ်သတင်းပေးဖို့လည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာက  မတ်လ ၂၃ရက်က ထုတ်ပြန်ပါတယ်။  ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း ရောဂါမပြန့်ပွားရေးအတွက် ကူညီပေးဖို့နဲ့ နယ်စပ်မှာ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို သေချာကြပ်မတ်စစ်ဆေးနေပြီး မိမိတို့ နေအိမ်မှာပဲ ၁၄ ရက် အသွားအလာကန့်သတ်နေထိုင်ဖို့ ဖျားနာသူရှိရင် သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ် တာဝန်ရှိသူတွေကို ချက်ချင်း အကြောင်းကြားဖို့လည်း တိုက်တွန်းထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024