တအာင်း (ပလောင်) စာပေနှင့် ယဉ်ကျေးမှု ညီလာခံ ကျင်းပ

1.5K
ရှမ်းပြည်နယ်တွင်း နေထိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေထဲက တအာင်း ခေါ် ပလောင်တိုင်းရင်းသားတို့ရဲ့ စာပေနဲ့ ယဉ်ကျေးမှု ညီလာခံကြီးကို ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ မှာ ကျင်းပနေပြီး အမျိုးသားနေ့နဲ့ နှစ်သစ်ကူးနေ့ သတ်မှတ်ရေးတွေ ဆွေးနွေးနေကြပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ ရန်ကုန်နဲ့ မန္တလေးမြို့က တအောင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေဟာ မန်တုံမြို့ ဟိုခိုရပ်ကွက် တအာင်း အမျိုးသားစာပေနဲ့ ယဉ်ကျေးမှု ခန်းမဆောင်မှာ လာရောက်ဆုံဆည်းပြီး မတ် ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့ ထိ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
တအာင်း ကိုယ်ပိုင် အမျိုးသားနေ့နဲ့ နှစ်သစ်ကူးနေ့ သတ်မှတ်ရေး၊ တအာင်းစာပေ သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်။
အမျိုးသားနေ့ သတ်မှတ်ဖို့ အဆိုပြုချက်တွေ အမျိုးမျိုးရှိတဲ့အတွက် ဆုံးဖြတ်ချက် မချနိုင်သေးဘူးလို့ ညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင်တဦးဖြစ်တဲ့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့က မိုင်မျိုးအောင်က ပြောပါတယ်။
“တအာင်းစာပေနေ့ကို အဆိုပြုထားတာတခုရှိတယ်။ ဩဂုတ်လ ၃၀ ပါ။ နောက် တအာင်းလက်နက်ကိုင်တပ်ဖွဲ့ စတင်တည်ထောင်တဲ့နေ့ ဇန်န၀ါရီလ ၁၂ ရက်နေ့ကို တချို့ကသတ်မှတ်ချင်တယ်။ တော်လှန်ရေးနေ့ကို အမျိုးသားနေ့အဖြစ်သတ်မှတ်ချင်တယ်။ နောက်တခုက အင်္ဂလိပ်နယ်ချဲ့တွေကို စတိုက်ခိုက်တဲ့နေ့ကို သတ်မှတ်ချင်တယ်ပေါ့။”
တအာန်းအမျိုးသားနေ့ သတ်မှတ်သင့်တဲ့နေ့ရက်နဲ့ သမိုင်းကြောင်းတွေကို စာအုပ်အဖြစ် ထုတ်ဝေပြီးတော့ ပြည်သူတွေ သဘောပေါက်မှဘဲ သူတို့ဆန္ဒနဲ့ အညီ ပြန်ဆုံးဖြတ်မယ်လို့ သူက ဆက်ပြောပါတယ်။
နှစ်စဉ် ဇန်န၀ါရီလဆန်းမှာ ကျင်းပနေကျ တအာင်းနှစ်သစ်ကူးနေ့ အခမ်းအနားတွေကို အရင်က မန်တုံနဲ့ နမ့်ဆန်မှာကျင်းပပေမယ့် နောက်နှစ်က စပြီး တအာင်းလူမျိုးတွေရှိရာ နေရာတိုင်းမှာ ကျင်းပသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရပါတယ်။
တအာင်းစာပေ သင်ကြားရေးမှာ အစိုးရက မြန်မာဖတ်စာကနေ ဘာသာပြန်ခိုင်းတဲ့ မူလတန်းဆင့် ဖတ်စာအုပ်ကို မယူဘဲ တအာင်းယဉ်ကျေးမှု၊ ဘာသာစကားအသုံးအနှုန်းတွေနဲ့ လိုက်လျောညီထွေရှိတဲ့ ဖတ်စာအုပ်ကို ပြန်လည်ရေးသားမယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
ညီလာခံမှာ မတ် ၁၉ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ပလောင်လူငယ်နှီးနှောဖလှယ်ပွဲက ဆုံးဖြတ်ချက်တွေ တင်ပြခဲ့သလို အစိုးရတပ်နဲ့ ကေအိုင်အေ၊ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (တီအန်အယ်လ်အေ) တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဘေးလွတ်ရာရှောင်တိမ်းနေတဲ့ မန်တုံ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းဒေသက စစ်ဘေးရှောင် ပလောင်တိုင်းရင်းသား ၂ ထောင်ကျော် အတွက် စားနပ်ရိက္ခာ ထောက်ပံ့ကူညီရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်ရေးတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
တအာင်း ခေါ် ပလောင်အမျိုးသားညီလာခံကို ၄ နှစ် ၁ ကြိမ် ကျင်းပတာမှာ ဒီ ၁ နှစ်ကတော့ ၁၀ ကြိမ်မြောက် ညီလာခံဖြစ်ပြီး၊ မြို့နယ်ပေါင်း ၁၆ ခုက ကိုယ်စားလှယ် စုစုပေါင်း ၁ ထောင်ကျော် တက်ရောက်လာကြတယ်လို့ မိုင်မျိုးအောင်က ပြောပါတယ်။
ပလောင်လူမျိုးတွေဟာ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ မန်တုန်၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ္မတူ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ ပျံ့နှံ့နေထိုင်ပြီး ၁၉၉၁ ခုနှစ် ဧပြီလက ပလောင်လက်နက်ကိုင်အဖွဲ့နဲ့ နအဖစစ်အစိုးရတို့ အပစ်အခတ် ရပ်စဲပြီးတဲ့နောက် ပလောင်လူမျိုး အများဆုံးနေထိုင်တဲ့ နမ့်ဆန်နဲ့ မန်တုံဒေသကို ပလောင်အထူးဒေသ ၇ အဖြစ် သတ်မှတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခဲ့ပါတယ်။