အိမ်အပြင်ထွက်ဈေးဝယ်ရန် အခက်အခဲရှိသူများအတွက် မန္တလေးက လူငယ်အဖွဲ့ကူညီပေးနေ
DVB
·
March 25, 2020
COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်နိုင်တဲ့ အခြေအနေကြောင့် မန္တလေးမြို့မှာ အိမ်အပြင်ထွက်ပြီးဈေးဝယ်ဖို့ အခက်အခဲရှိနေတဲ့သူတွေကို လိုက်လံကူညီနိုင်ဖို့ လူငယ်တွေက ဦးဆောင်ပြီး Together လို့အမည်ပေးထားတဲ့ Volunteer Team အဖွဲ့တခုကို စတင်ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီအဖွဲ့အနေနဲ့ မီးဖိုချောင်းသုံးစားသောက်ကုန်တွေ၊ ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါး တွေကို ပို့ဆောင်ခအခမဲ့နဲ့ အိမ်တိုင်ရာရောက်ပေးပို့သွားမှာ ဖြစ်ပါတယ်။
လက်ရှိစတင်ပြီးမှာယူသူတွေရှိနေတဲ့အတွက် စားသောက်ကုန်တွေ လိုက်လံ ပို့ဆောင်ပေးနေရပြီလို့လည်းသိရပါတယ်။
မြန်မာပြည်မှာ COVID-19 ဖြစ်ပွားသူရှိနေပြီလို့ ကြေညာပြီးနောက်ပိုင်း မန္တလေးမြို့က လူငယ်တွေက အခုလိုဖွဲ့စည်းလုပ်ပေးနေတာပါ။
ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ၊ ငရုတ်၊ ကြက်သွန် စတဲ့ မီးဖိုချောင်သုံး စားသောက်ကုန်တွေ၊ ကျန်းမာရေးအတွက်လိုအပ်တဲ့ ဆေးဝါးတွေကို သက်ကြီးရွယ်ကြီးတွေ၊ ကျန်းမာရေးကြောင့် အပြင်ထွက်ဖို့အခက်အခဲဖြစ်နေသူတွေ၊ လူနာတွေ အတွက် ပို့ဆောင်ခ အခမဲ့နဲ့ ဝယ်ယူပေးမှာဖြစ်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
VolunteerTeam ကို လူ ၅ ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လုပ်အားပေးမယ့်သူတွေ တိုးလာတဲ့အတွက် အဖွဲ့ဝင်ဦးရေ ၄၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။ အဖွဲ့ဝင်တွေထဲမှာ မန္တလေးမြို့က ကျောင်းသားလူငယ်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ မြို့ခံတွေ၊ ပရဟိတစိတ်ဓာတ်ရှိသူတွေ အများစုပါဝင်လာပြီး ကားနဲ့ သယ်ယူဖို့လိုအပ်တာမျိုးကအစ ကူညီဖို့ရှိနေတယ်လို့ သိရပါတယ်။