Home
မြန်မာသတင်း
COVID- 19 ကြောင့် ရခိုင်ပြည်နယ်လွှတ်တော် ရက်အကန့်အသတ်မရှိရပ်နား
ဝဏ္ဏခွာညို
·
March 24, 2020
ကိုရိုနာဗိုင်းရပ်စ် COVID- 19 ကြောင့် ရခိုင်ပြည်နယ်လွှတ်တော်ကို မတ်လ ၂၄ ရက် ပြန်စတင်ကျင်းပတဲ့နေမှာပဲ  ယာယီရပ်နားလိုက်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒီကနေ့ လွှတ်တော်အပြီးမှာ ကြေညာလိုက်ပါတယ်။ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ် လွှတ်တော်(၁၃) ကြိမ်မြောက်အစည်းအဝေး ပထမနေ့ကို ဒီကနေ့ အစည်းအဝေးကျင်းပပြီးချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ယာယီရပ်နားထားမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ကြေညာလိုက်တာဖြစ်ပါတယ်။ “ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ပိုးတွေ့တဲ့လူနာ နှစ်ယောက်တွေ့တယ်ဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒီရောဂါဟာ လူသားအားလုံးအတွက် ကြောက်စရာကောင်းတဲ့ ရောဂါတခုဖြစ်ပါတယ်။ ဆင်းရဲတဲ့ ကျနော်တို့မြန်မာနိုင်ငံအတွက်ပိုပြီး ကြောက်စရာကောင်း ပါတယ်။ အဆင်းရဲဆုံးနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာဆိုရင် အင်တာနက်လည်းဖြတ်တောက်ခံထားရတဲ့အတွက် ပိုမိုဆိုးဝါးတဲ့ဒေသလည်းဖြစ်ပါတယ်။ အထူးသဖြင့်ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေကြတဲ့ ကျနော်တို့ရဲ့ ပြည်သူ ၁၅၀၀၀၀ ကျော်အတွက် အထူးရင်လေးမိပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့အားလုံးသတိထားရပါမယ်။ အစိုးရနဲ့ လွှတ်တော်လည်းပူးပေါင်းကြဖို့လိုပါတယ်။” ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက လွှတ်တော်ပြန်လည် ခေါ်ယူ ကျင်းပမယ့် ရက်၊ အချိန်ကို လွှတ်တော်ကိုယ်စားလှယ်တွေထံ ပြန်အကြောင်းကြားမယ်လို့ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွေမှာ COVID- 19 ကုသရေးအတွက်ကို စဉ်းစဉ်ထားရှိပြီး လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ ကာကွယ်ရေးဝတ်စုံတွေကို ဆောင်ရွက်ထားရှိထားသလို ပြည်သူလူထုတွေကိုလည်း အသိပညာပေးတာတွေ၊ လက်ကမ်းစာစောင်ဖြန့် ဝေတာတွေ လုပ်ဆောင်နေတာတွေရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာက လွှတ်တော်အပြီးမှာ မီဒီယာတွေကိုပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့ COVID- 19 ရောဂါဖြစ်ပွားသူမတွေ့ရှိသေးပေမယ့် သံသယလူနာ ၇ ဦးကို စစ်ဆေးခဲ့ကာ ပိုးတွေရှိတာ မရှိသေးဘူးလို့ ဒေါက်တာချမ်းသာက ပြောပါတယ်။  မြန်မာနိုင်ငံမှာတော့ မတ်လ ၂၃ ရက် ညပိုင်းမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၂ ဦးကို စတင်တွေ့ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024