ပြည်ပမှ ပြန်လာသူ ၃၇ ဦးအား ဧရာဝတီဘဏ်ပိုင် အဆောက်အဦတွင် နေရာချ စောင့်ကြည့်
DVB
·
March 24, 2020
ပြည်ပခရီးစဉ်များမှ လေကြောင်းလိုင်း ၃ ခုနဲ့ မတ် ၂၃ ရက် နေ့လယ်ပိုင်းက ပြန်လည်ရောက်ရှိလာတဲ့ ခရီးသည် ၃၇ ဦးကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ AYA Bank Training Center ဘေးရှိ ဧရာဝတီဘဏ်ပိုင် အဆောက်အဦမှာ Covid19 စောင့်ကြည့်လူနာအဖြစ် စစ်ဆေးဖို့ နေရာချထားတယ်လို့ သိရပါတယ်။
အထပ် ၆ ထပ်ပါ အဆိုပါအဆောက်အဦ ၂ ခုအနက် တလုံးမှာ ရောက်လာတဲ့ ခရီးသည် ၃၇ ဦး နေထိုင်ကြပြီး ပြည်ကနေ နောက်ထပ်ရောက်လာမယ့် သူတွေကိုလည်း ဆက်လက်လက်ခံသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၂ ဦးတွေ့ရှိကြောင်း မတ် ၂၃ ရက် ည ၁၁း၄၅ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံမှာ အမေရိကန်နိုင်ငံက (မတ် ၁၃ ရက်နေ့) ပြန်လာသူ အသက် (၃၆) နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းမှာ quarantine ထားရှိနေတဲ့ အင်္ဂလန်နိုင်ငံက (မတ် ၂၂ ရက်နေ့) ပြန်လာသူ အသက် (၂၆) နှစ်အရွယ် အမျိုးသား ၁ ဦးတို့ရဲ့ ဓာတ်ခွဲခန်းအဖြေတွေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။
Photo - Kyaw Swar Tun / MPA