Home
မြန်မာသတင်း
ငြိမ်းချမ်းရေးစင်တာသစ်ဆောက်ရေး ဂျပန်-မြန်မာ သဘောတူ
ရွှေအောင်
·
March 25, 2013
မြန်မာငြိမ်းချမ်းရေးစင်တာ အဆောက်အဦသစ် တည်ဆောက်ဖို့နဲ့ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးလုပ်ငန်း အကူအညီပေးဖို့ မြန်မာ-ဂျပန် သဘောတူစာချုပ်တရပ် လက် မှတ်ရေးထိုးလိုက်ကြပါတယ်။ ရန်ကုန်မြို့က ဂျပန်သံရုံးမှာ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ ဂျပန်ဘက်က တာဝန်ရှိသူတွေ ဒီနေ့ လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ကြတာဖြစ်ပြီး အဆောက်အဦသစ်ကို ဂျပန်အစိုးရ အကူအညီနဲ့ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ သဘောတူလက်မှတ်ရေးထိုးပွဲကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့နဲ့ ဂျပန်သံအမတ်ကြီး Mr. Mikio Numata ဦးဆောင်တဲ့အဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးစင်တာ အဆောက်အဦ ၀င်းထဲမှာပဲ အသစ်ဆောက်လုပ်သွားမယ်လို့  ငြိမ်းချမ်းရေးစင်တာက တွဲဖက်အစီအစဉ်ညွှန်ကြားရေးမှူး ဦးတင်အောင်မိုးက ပြောပါတယ်။ ကရင်ပြည်နယ် ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုတော့ ဂျပန် အန်ဂျီအိုတခုဖြစ်တဲ့ Japan Platform က အကူအညီပေးသွားမှာဖြစ်ပြီး လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေကိုတော့ ဦးတင်အောင်မိုးက ခုလို ပြောပါတယ်။ “သူတို့ဘက်ကနေ လုပ်ရမယ့် activity တွေ တင်ပြတာတော့ အမျိုးတော်တော်စုံပါတယ်။ အကြမ်းဖျင်းအားဖြင့်ပြောရရင်တော့ ပညာရေးလုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ ကျန်းမာရေးနဲ့ လူမှုစောင့်ရှောက်ရေးတွေလုပ်မှာပါ။ ကျနော်နားလည်သလောက်ကတော့ coverဖြစ်တာတော့ ကရင်ပြည်နယ်တနယ်လုံးဆိုပေမယ့် လက်ရှိ ဘတ်ဂျက်အင်အားနဲ့ လူအင်အားအရတော့ အောက်ခြေအထိဆောင်ရွက်နိုင်မယ့်နေရာကိုတော့ ကရင်ပြည်နယ်အစိုးရနဲ့ ဒေသတွင်းလူမှုအဖွဲ့အစည်းတွေ ညှိနှိုင်းပြီး ဦးစားပေးရွေးချယ်လုပ်မယ်လို့ နားလည်တယ်။” ကရင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၁၁ သန်း သုံးစွဲပြီး ၃ နှစ်အတွင်း လုပ်ဆောင်ပေးသွားမှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024