A d v e r t i s e m e n t With Us

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရိုးမားအသင်း ၁ ရက်စာ လစာလှူဒါန်း

ရိုးမားအသင်းရဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ ၁ ရက်စာ လစာကို မယူဘဲ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးမှာ အထောက်အကူဖြစ်စေဖို့ ရောမမြို့က ဆေးရုံတခုကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။ အသက်ရှူစက်တွေနဲ့ ခုတင်တွေ လှူဒါန်းသွားမှာဖြစ်ပြီး ဒါဟာ ကလပ်အသင်းအဆင့် ယူရို ၂ သိန်းကျော် လှူဒါန်းမှုတွေရဲ့ အမြင့်မားဆုံးပမာဏလည်း ဖြစ်ပါတယ်။ ရိုးမားအသင်းဟာ လာဇာရိုစပယ်လန်ဇာနီဆေးရုံအတွက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပေါင် ၄၆၀၀၀၀ စုဆောင်းဆိုနိုင်ခဲ့ပါတယ်။ ဒီဆေးရုံဟာ အီတလီနိုင်ငံအတွင်း Covid–19 တိုက်ဖျက်ရေးဆိုင်ရာ ပင်မဗဟိုချက်တွေထဲက တခုလည်း ဖြစ်ပါတယ်။ ဒီအလှူငွေတွေထဲက တချို့ကို အရေးပေါ်ခန်းသုံး အသက်ရှူစက် ၃ လုံး၊ သာမန်အသက်ရှူစက် ၅ လုံးနဲ့ အရေးပေါ်ခန်းသုံး ခုတင် ၈ လုံး ဝယ်ယူဖို့အတွက် အသုံးပြုသွားမှာပဲဖြစ်ပါတယ်။ ရိုးမားအသင်းဟာ အခုသီတင်းပတ်အစောပိုင်းမှာလည်း မြို့တော်မှာရှိတဲ့  ဆေးရုံအတွက် FFP2 နှာခေါင်းစည်း ၁၃၀၀၀ အပြင် လက်ဆေးရည်ဘူး ၁၂၀ ကိုလည်း ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။   ရိုးမားအသင်း စီအီးအို ဂိုင်ဒိုဖီရန်ဂါက “ဒီအချိန်မှာ အရေးအကြီးဆုံးကတော့ ကိုယ်နဲ့သက်ဆိုင်မှုတိုင်းကို တာဝန်ယူပြီး၊ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီမှုတွေ လုပ်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ အသင်းဥက္ကဋ္ဌကနေ၊  ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ကစားသမားဟောင်းတွေ၊ အသင်းပရိသတ်တွေရဲ့ ဒီလိုလုပ်ရပ်တွေက လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဘယ်လို အခက်အခဲမျိုးကိုမဆို ကျနော်တို့ လက်လျှော့မှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျနော်တို့ဟာ အရင်ကသတ်မှတ်ထားတဲ့ ပမာဏထက်ကို ကျော်လွန်ပြီး အလှူငွေရရှိသွားမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။  အီတလီနိုင်ငံဟာ မတ် ၁၉ ရက်မှာ ဗိုင်းရပ်စ်ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့နိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်သွားခဲ့ပြီဖြစ်ပြီး ဗိုင်းရပ်စ် စတင်ပေါ်ပေါက်ချိန်ကစလို့ သေဆုံးမှုအများဆုံးဆိုတဲ့ အခြေအနေကိုလည်း ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။  အီတလီနိုင်ငံအတွင်း ဒီနေ့ မွန်းလွဲပိုင်းအထိ COVID–19 ကူးစက်ခံရသူ ၅၃၅၇၈ ဦးနဲ့ ၄၈၂၅ ဦး သေဆုံးခဲ့ပါတယ်။ အီတလီနိုင်ငံတဝန်းလုံးကို Lock down လုပ်ထားပြီး ဒီအခြေအနေကို ထိန်းချုပ်ပေးဖို့ အစိုးရက အီတလီစစ်တပ်ကို အကူအညီ တောင်းခံထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up