ချောက်မြို့တွင် LED ဘုတ်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ပညာပေး ၁၀ ရက်ကြာ ဆောင်ရွက်မည်
DVB
·
March 22, 2020
ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးအနေနဲ့ ချောက်မြို့၊ ပျဉ်းမလမ်း၊ လမ်းမတော်လမ်းစုံ၊ မြို့မရဲစခန်းရှေ့မှာ LED ဘုတ်နဲ့ ၁၀ ရက်ကြာ ညနေ ၅ နာရီကစတင်ပြီး အသိပေး၊ သတိပေး၊ နှိုးဆော်ရေးတွေ ဆောင်ရွက်သွားမယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆွေဝင်းက ပြောပါတယ်။
“ချောက်မြို့နယ်အတွင်း သွားလာနေတဲ့ မိဘပြည်သူတွေ COVID-19 နဲ့ ပတ်သက်ပြီးတော့ တကယ် ထဲထဲဝင်ဝင် သိရှိပြီးတော့ တကယ်လည်း လုပ်တတ်အောင်၊ တကယ်လည်း ရှောင်ရှားတတ်အောင် LED ဘုတ်နဲ့ ကြော်ငြာပေးတာ ဒါကိုလည်း အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့်သိအောင် ၁၀ ရက်လောက်တော့ ကြေညာပေးသွားမယ်၊ တချို့က လက်ဆေးလို့သာ ပြောတာ လုပ်လေ့လုပ်ထ မရှိတော့ နည်းလမ်းတကျ မသိကြဘူး။ ဒါကိုလည်း ကွင်းဆင်း ဆောင်ရွက်ပေးခဲ့တယ်။”
အဆိုပါ LED ဘုတ်နဲ့ အသိပေးကြေညာမှုကို ရန်ကုန်ရောက် ချောက်မြို့နယ်သားများအသင်းကလည်း ကူညီပံ့ပိုးပေးသွားမှာဖြစ်သလို လိုအပ်တဲ့ လက်သန့်ဆေးတို့ကိုလည်း ကူညီပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ကုသရေးနှင့် ကျန်းမာရေး စည်ပင်သာယာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ မြို့နယ်ကြက်ခြေနီအဖွဲ့တို့က လက်သန့်ဆေးနဲ့ စနစ်တကျ လက်ဆေးနည်း သင်ပေးတာ၊ လက်ကမ်းစာဆောင်ပေးဝေတာ၊ နံရံကပ်အသိပေးစာ ကပ်တာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမိုးသက်ဦးက “စျေးအတွင်းကို ရောက်တော့ ထူးခြားတာက မြို့နယ်စည်ပင်နဲ့ စျေးကော်မတီတို့က ဆောင်ရွက်ထားတဲ့ မကြာခဏ လက်ဆေးပါဆိုပြီး အလွယ်တကူ လက်ဆေးနိုင်အောက် လက်ဆေးစင်တွေ တွေ့ခဲ့ရသလို စျေးအတွင်းက သားငါးတန်းမှာလည်း သားငါးသည်တွေက နှာခေါင်းစည်း၊ လက်အိတ်၊ ခေါင်းစွပ်နဲ့ အသုံးပြုပြီး ရောင်းချနေတာတွေ့ရလို့ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေး WHO က ကပ်ရောဂါအဖြစ် မတ် ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံ ပြည်သူလူထုကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေပြီး ဒီနေ့အချိန်ထိ ရောဂါအတည်ပြုလူနာ မြန်မာနိုင်ငံမှာ မရှိသေးကြောင်းကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုလင်း(ချောက်)