၁၀ တန်းအဖြေလွှာစစ်သည့်လုပ်ငန်း ပြန်သုံးသပ်ရန် ဆရာဆရာမများအဖွဲ့ချုပ် တောင်းဆို
DVB
·
March 18, 2020
ဆရာပေါင်းထောင်ချီပြီး တနေရာတည်းမှာ အလုပ်လုပ်ကိုင်ရတဲ့ တက္ကသိုလ်ဝင်တန်း အဖြေလွှာစစ်ဆေးတဲ့ လုပ်ငန်းကို COVID-19 ရောဂါအခြေအနေကြောင့် ပြန်ပြီး သုံးသပ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာတဝန်းဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သင်တန်းတွေ ပိတ်တာ၊ တက္ကသိုလ်စာမေးပွဲတွေကို ရောဂါမကူးစက်စေမယ့် ပုံစံမျိုးတွေနဲ့ ဖြေဆိုစေဖို့ ညွှန်ကြား တာတွေ ရှိပေမယ့် လာမယ့် မတ်လကုန်ပိုင်းကနေစတင်မယ့် အဖြေလွှာစစ်ဆေးဖို့အတွက်တော့ တစုံတရာ ညွှန်ကြားတာမျိုး မရှိတာကြောင့် စိုးရိမ်မကင်းဖြစ်ရတယ်လို့ ဆရာများအဖွဲ့ချုပ်က အထူးအရေးပေါ် ကြေညာချက်အနေနဲ့ ထုတ်ပြန်ထားပါတယ်။
အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာ ဇော်မျိုးလှိုင်က “အဖြေလွှာစစ်တာက တနိုင်ငံလုံးမှာ တက္ကသိုလ် ၁၀ ခုက တာဝန်ယူစစ်ရတယ်။ ဘိုင်အိုမှာ ၂ ပိုင်းခွဲစစ်ရတာကြောင့် ဘာသာရပ်ဌာန ၁၀ ခုအတွက် တက္ကသိုလ်တခုစီမှာ ဆရာ၊ ဆရာမပေါင်း ၂၀၀၀ ကျော် စစ်ရတာ။ သင်္ကြန်မတိုင်ခင်မှာ အပြီးစစ်ကြရတာ။ သင်္ကြန်ပြီးရင်တော့ ကုဒ်ဖြေတာတွေ ဘာတွေ ဆက်လုပ်ရတယ်” လို့ ပြောပါတယ်။
ဆရာ၊ ဆရာမတွေနီးနီကပ်ကပ်နေပြီး လုပ်ကိုင်ရတာကြောင့် ရောဂါကူးစက်နိုင်ခြေမြင့်တဲ့ အလုပ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးတော့ နေထိုင်တဲ့ နေရာကြပ်တည်း၊ အိမ်သာသန့်စင်ခန်းတွေကို လူအမြောက်အများမျှဝေသုံးရတာ စတဲ့ စိုရိမ်စရာထိတွေ့တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒီရောဂါကူးစက်တာ ဒါထက် ပိုဆိုးလာမယ်ဆိုရင်တော့ အဖြေလွှာစစ်ဖို့ရက်ကို ရွှေ့ပေးဖို့ လိုပါမယ်။ စာစစ်လုပ်ငန်းပြီးမှ အောင်စာရင်းထွက်မယ်။ အောင်စာရင်းထွက်ပြီးမှ ကျောင်းသားတွေ ကျောင်းတက်ဖို့အတွက် အဆင်ပြေမယ်။ procedure (လုပ်ငန်းစဉ်) တနေရာမှာ Delay (နှောင့်နှေး) ဖြစ်နေရင် တခြာနေရာတွေမှာ Delay ဖြစ်မှာကိုလည်း မဖြစ်စေချင်ပါဘူး။ တိုင်းပြည်ရဲ့ အနေအထားကိုလည်းနားလည်လို့ အတင်းအကြပ် မပြောချင်ဘူး” လို့ ပြောပါတယ်။
ဒါပေမယ့် နယ်စုံကနေလာကြပြီး တနေရာတည်းမှာ စုဝေးကြတာဖြစ်သလို တယောက်မှာ ဖြစ်ရင် တခြားသူတွေကို မြန်မြန်ကူးစက်နိုင်တဲ့ ရောဂါဖြစ်နေတာကြောင့် စိုးရိမ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရောဂါကူးစက်တဲ့ အခြေအနေလက်ရှိအတိုင်းရှိနေလို့ စာစစ်လုပ်ငန်းကို ပုံမှန်အတိုင်း သွားမယ်ဆိုရင်လည်း နေရာထိုင်ခင်း ကောင်းကောင်းစီစဉ်ပေးဖို့၊ ကျန်းမာရေးစောင့်ရှောက်တဲ့ စနစ်ကောင်းကောင်း ထားပေးဖို့လိုတယ်လို့ သူက ပြောပါတယ်။
စာစစ်လုပ်ငန်းကို ပုံမှန်အတိုင်းဆက်လုပ်ဖို့ သင့် မသင့်ကိုတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အစိုးရနဲ့ တခြားဝန်ကြီးဌာနတွေ၊ နားလည်တတ်ကျွမ်းသူတွေ၊ လူမှုအဖွဲ့အစည်းတွေရဲ့ အမြင်တွေကို စနစ်တကျတောင်းခံပြီး ပြန်သုံးသပ်ဖို့ ဆရာများအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။