Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်ခန့်အပ်ရေးဆိုင်ရာ ပုဒ်မ တစ်ခုသာ ပြင်ဆင်နိုင်
နေဖြိုးဝင်း
·
March 18, 2020
89822680_3319580278056968_1512049829331599360_o
တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ ခန့်အပ်ရေးနဲ့ပတ်သက်တဲ့ ပုဒ်မ ၂၆၁ ရဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေကို  ပြင်ဆင်၊ ပယ်ဖျက်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာမှာ ဝန်ကြီးချုပ်ခန့်အပ်ရေး ပုဒ်မတစ်ခုပဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်တဲ့အတွက် ပြင်ဆင်နိုင်ခဲ့ပါတယ်။ မတ်လ ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေ မူကြမ်းပါ ပုဒ်မ ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၉ ခုကို ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်တာမှာ အခုရလဒ်ရခဲ့တာပါ။ ဒီပြင်ဆင်နိုင်တဲ့ပုဒ်မဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း(၅) အုပ်ချုပ်ရေးအခန်းက ပုဒ်မ ၂၆၂(က)(၁)ဖြစ်ပါတယ်။  မူလပြဋ္ဌာန်းချက်ဖြစ်တဲ့ “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(က) ပါ ပြဋ္ဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရ မည်”လို့သတ်မှတ်ချက်ကို အန်အယ်ယ်ဒီနဲ့ တပ်မတော်က ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(က)ပါ “ပြဋ္ဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်” လို့ ပြင်ဆင်ချက်တင်သွင်းထားတာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခံရမယ့်သူတွေနဲ့ပတ်သက်လို့ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(က)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် အသက် ၃၅ နှစ် ပြည့်ပြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ ၁၂၁ မှာ ဖော်ပြထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်းမရှိသူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ လို့ သတ်မှတ်ထားပါတယ်။ ဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ရေးနဲ့ပတ်သက်လို့ အန်အယ်လ်ဒီနဲ့ တပ်မတော်အစုအဖွဲ့က တင်သွင်းထားတဲ့ ပြင်ဆင်ချက်ဟာ တူညီနေတဲ့အတွက်လည်း အခုလို ထောက်ခံမဲ ၅၉၁ မဲရရှိခဲ့ပြီး ၉၀ ဒသမ ၃၇ ရာခိုင်နှုန်းနဲ့ ပြင်ဆင်ဖို့ သဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီနေ့မဲခွဲဆုံးဖြတ်တဲ့ ပုဒ်မ ၁၉ ခုမှာ ပုဒ်မ ၂၆၂(က)(၁) တစ်ခုပဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းရရှိခဲ့ပြီး ကျန်ပုဒ်မတွေ အားလုံး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိခဲ့တဲ့အတွက် ပြင်ဆင်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024