COVID-19 ကြောင့် တက္ကသိုလ်စာမေးပွဲ မဖြေလိုသူများအတွက် အစားထိုးကျင်းပပေးမည်

ရန်ကုန်တက္ကသိုလ်စာမေးပွဲတွေကို ဒီကနေ့ မတ်လ ၁၈ ရက်မှာ ပုံမှန်အတိုင်း ဆက်လက်ကျင်းပနေပြီး COVID-19 ရောဂါကိုစိုးရိမ်လို မဖြေဆိုလိုသူတွေအတွက် လာမယ့် ဇွန်လဆန်းမှာ အစားထိုးစာမေးပွဲကျင်းပပေးမယ်လို့ ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့က ကြေညာပါတယ်။ ကျောင်းသူကျောင်းသားတွေအနေနဲ့ လက်ရှိဖြေဆိုရမယ့် ဘာသာရပ်တွေ အားလုံး ပြီးဆုံးအောင် ဖြေဆိုရမှာဖြစ်ပြီး မဖြေဆိုတဲ့ ဘာသာရပ်တွေကို စာမေးပွဲစည်းမျဉ်းအရ ကျရှုံးတယ်လို့ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။ COVID-19 ကို စိုးရိမ်ပြီး ဖြေဆိုလိုခြင်းမရှိပါက ၂၀၂၀ ပြည့်နှစ် ဇွန်လဆန်းမှာ အစားထိုးစာမေးပွဲကို ကျင်းပပေးမှာဖြစ်ပါတယ်။ အစားထိုးဖြေဆိုမယ့် ကျောင်းသူကျောင်းသားတွေအနေနဲ့ကတော့ ဒီနေ့ စတင်ကျင်းပတဲ့ စာမေးပွဲမှာ ဖြေဆိုရမယ့် ဘာသာရပ်တွေအားလုံးကို ဝင်ရောက်ဖြေဆိုတာမပြုလုပ်ဖို့လည်း ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့က အသိပေးကြေညာထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်တဲ့အတွက် စာမေးပွဲတွေ ရွေ့ဆိုင်းပေးဖို့  မနေ့ညက ကျောင်းသားတွေက တက္ကသိုလ်အာဏာပိုင်တွေထံ တောင်းဆိုခဲ့ကြပြီး နောက် ရန်ကုန်တက္ကသိုလ် ဆီးနိတ်အစည်းအဝေးကနေ ခုလိုဆုံးဖြတ် ကြေညာလိုက်တာပါ။ ဒါ့အပြင် အဆောင်နေကျောင်းသူကျောင်းသားတွေရဲ့ အဆောင်နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး  ထပ်မံဆွေးနွေးသွားမှာဖြစ်ပြီး တရားဝင်ကြေညာချက်ကိုတော့ မကြာခင်ထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။ တက္ကသိုလ် ဆရာဆရာမများအသင်း ကိုယ်စားပြုကော်မတီကလည်း ဆရာဆရာမတွေ  COVID-19 ရောဂါ ကူးစက်ခံရနိုင်တဲ့အန္တရာယ်ကြောင့် အဆင့်မြင့်ပညာ စာမေးပွဲတွေနဲ့၊ တက္ကသိုလ်ဝင်တန်းစာစစ်လုပ်ငန်းတွေကို ရွှေ့ဆိုင်းပေးဖို့ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။  မြန်မာနိုင်ငံအတွင်းမှာ COVID-19 ရောဂါအတည်ပြုလူနာမတွေ့ရှိရသေးပေမယ့် ရောဂါကြိုတင်ကာကွယ်တဲ့ အစီအမံတွေကို အစိုးရက ကြိုတင်လုပ်ဆောင်နေပြီး လူစုလူဝေးတွေ၊ ပွဲလမ်းသဘင်တွေ၊ ရုပ်ရှင်ရုံနဲ့ စာသင်ကျောင်းတွေ ပိတ်ထားဖို့လည်း ညွှန်ကြားထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up