ဖြိုးကိုကိုတင့်ဆန်းအမှု အပြီးသတ်အမိန့် မတ်လကုန် ချမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 17, 2020
နေပြည်တော်လေဆိပ်မှာ မူးယစ်ဆေးဝါး လက်နက်တွေနဲ့ ဖမ်းဆီးမိခဲ့တဲ့ ACE ကုမ္ပဏီပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် အမှုနဲ့ဆက်စပ်သူတွေကို ဒီကုန်ပိုင်းမှာ အပြီးသတ်အမိန့်ချတော့မှာ ဖြစ်ပါတယ်။
“ဖြိုးကိုကိုတင့်ဆန်းအပါအဝင် တရားခံ စုစုပေါင်း ၁၁ ဦးကို တရားစွဲထားတဲ့ အမှုမှာ အပြီးသတ်လျှောက်လဲချက် တရာခံတွေဘက်က တင်တယ်။ နိုင်ငံတော်ဘက်ကလည်း သက်ဆိုင်ရာ ဥပဒေအရာရှိက လျှောက်လဲချက်တင်တယ်။ အဲ့ဒီလျှောက်လဲချက်တင်တဲ့အပေါ် တရားရုံး တရားသူကြီးက ၃၀ ရက်နေ့မှာ အပြီးသတ် အမိန့်ချဖို့ချိန်းလိုက်တယ်”လို့ ဖြိုးကိုကိုတင့်ဆန်းရဲ့ ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၇ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ အမှုအတွက် ရုံးထုတ်ခဲ့တာဖြစ်ပြီး ရုံးထုတ်အပြီးမှာ ဦးမြင့်အောင်က သတင်းမီဒီယာတွေရဲ လျှောက်လဲချက်နဲ့ ပတ်သက်ပြီး မေးမြန်းမှုမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
ဖြိုးကိုကိုတင့်ဆန်းကို လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးသုံးစွဲမှု၊ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ နိုင်ငံတော်အထိမ်းအမှတ် အမှတ်တံဆိပ် တပ်ဆင်သုံးစွဲမှု တွေအပါအဝင် ဆက်သွယ်ရေးပစ္စည်း သုံးစွဲမှုတွေကြောင့် အမှုပေါင်း ၁၄ မှုနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
အမှုဟာ ၂ နှစ်နဲ့ ၃ လကျော်ကြာမြင့်ခဲ့ပြီး ရုံးချိန်းပေါင်း ၁၀၉ ချိန်းဆို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။