ရသေ့တောင်စစ်ဘေးရှောင်စခန်းတွင် အမျိုးသမီးများလုံခြုံမှုမရှိဟု လွှတ်တော်အမတ် ပြော
DVB
·
March 17, 2020
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင်း ရသေ့တောင်စစ်ဘေးရှောင် စခန်းတွေမှ, ခိုလုံနေထိုင်တဲ့ အမျိုးသမီးတွေဟာ လုံခြုံမှုကင်းမဲ့မှုတွေကို ခံစားနေကြရတာကြောင့် အစိုးရက ဆောင်ရွက်ပေးဖို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တိုက်တွန်းလိုက်ပါတယ်။
"သူတို့က မြေပြင်ပေါ်မှာ အိပ်ရတယ်။ အခုအချိန်က နွေဦးကာလမို့လို့ တော်ပါသေးတယ်။ မိုးရာသီဆိုရင် ပိုပြီးအခက်အခဲတွေရှိလာမှာပါ။ တချို့အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တွေပါ ပါတယ်။ ကိုယ်ဝန်ဆောင်တွေရဲ့ နေရေးထိုင်ရေးက အလွန်အခက်အခဲ ရှိနေပါတယ်။ သူတို့ကိုတော့ ရသေ့တောင်မြို့နယ်ဆေးရုံမှာ အပ်နှံထားရတယ်။ ဒါပေမယ့် စစ်ဘေးရှောင်စခန်းတွေက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အခက်အခဲတွေရှိတယ်။ အမျိုးသမီးတွေ ရေချိုးတဲ့ အခါမှာလည်း အကာအကွယ်မရှိဘဲ ကွင်းပြင်မှာ ရေချိုးနေကြရတယ်။ ရေချိုးခန်းဆိုတာလည်း သီးသန့်မရှိတဲ့အခါ အမျိုးသမီးတွေရဲ့လုံခြုံမှု မရှိဖြစ်နေတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ စစ်ဘေးရှောင်တွေ ကောင်းမွန်စွာနေထိုင်နိုင်ရေးနဲ့ ကျန်မာရေးအတွက်ပါ စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်"လို့ ပြောပါတယ်။
လုံခြံမှုမရှိတဲ့နေရာမှာ နေထိုင်နေရတဲ့ အတွက် အလွန်ဝမ်းနည်းမိတယ်လို့ ရသေ့တောင်မြို့နယ် ပြိန်းတောရွာကနေ ထွက်ပြေးလာတဲ့ မဦးလှခင်က ပြောပါတယ်။
ရသေ့တောင်မြို့နယ်မှာ ရခိုင်အမျိုးသားပါတီရုံး စစ်ဘေးရှောင်စခန်း၊ ကိန်သာဘုန်းတော်ကြီးကျောင်း၊ ရွှေပါရမီ၊ သာဿနပါလ စတဲ့ စစ်ဘေးရှောင်စခန်း ၁၈ ခုရှိပြီး လူဦးရေး ၁ သောင်း ကျော်လောက် နေထိုင်ကြတာပါ။
အဆိုပါ စစ်ဘေးရှောင်စခန်းတွမှော ရေစိုးချောင်း၊ ရေဘုတ်၊ ရေမျက်၊ ကျောက်တန်း၊ ပြိန်းတော၊ သမီးလှ စတဲ့ကျေးရွာပေါင်း ၄၀ ကျော်ကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေနေထိုင်ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အရွယ်ရောက်အမျိုးသမီးငယ်တွေ နဲ့ ကလေးငယ်တွေ၊ တက္ကသိုလ်ကျောင်းသူတွေအထိ ပါဝင်ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ၁ သိန်းကျော်ထဲမှာ အမျိုးသမီးအများစုပါဝင်တယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေအရေး စောင့်ကြည့်လေ့လာနေသူတွေက ဆိုပါတယ်။
လင်းလက်