လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် သတ်မှတ်ပါက မတရားဟု အလန်ရှီးယားပြော

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်ရပြီး လီဗာပူးအသင်းကို  ချန်ပီယံဆု ပေးအပ်လိုက်မယ်ဆိုရင် ဒါဟာ မမျှတတဲ့ ဆုံးဖြတ်ချက်သာ ဖြစ်လိမ့်မယ်လို့ ပရီးမီးယားလိဂ် ကစားသမားဟောင် အလန်ရှီးယားက ပြောဆိုလိုက်ပါတယ်။  ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အင်္ဂလန်မှာရှိတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးပွဲစဉ်တွေကို ဧပြီ ၄ ရက်အထိ ရွှေ့ဆိုင်းလိုက်ပြီး အသင်းတွေနဲ့ တာဝန်ရှိသူတွေအကြား ဒုတိယအကြိမ်မြောက် အရေးပေါ်အစည်းအဝေးကို လာမယ့်မတ်လ ၁၉ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့အတွက် နှစ်ပွဲသာ အနိုင်ကန်ဖို့ လိုအပ်တော့တာဖြစ်ပြီး ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဒီနှစ်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ရာသီတလျှောက်လုံး ကြိုးပမ်းမှုတွေဟာ သဲထဲရေသွန်ဖြစ်သွားဖို့ ရှိနေပါတယ်။  ဒီအခြေအနေကို နယူးကာဆယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားက “ပြိုင်ပွဲကို ပြီးဆုံးတဲ့အထိ မယှဉ်ပြိုင်နိုင်တော့ဘူးဆိုရင် ခင်ဗျားအနေနဲ့ အနိုင်ရရှိသူ၊ ရှုံးနိမ့်သူကို ခန့်မှန်းဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီအခြေအနေဟာ တချို့အသင်းတွေအတွက် တော်တော်လေး ဆိုးရွားခက်ခဲပါလိမ့်မယ်။ အထူးသဖြင့် လီဗာပူးအသင်းပေါ့။ အခုချိန်မှာ သူတို့ကို အမီလိုက်နိုင်တဲ့အသင်း မရှိတော့ဘူး ဆိုရင်တောင် ပြိုင်ပွဲကို ပြီးဆုံးအောင် မယှဉ်ပြိုင်ရသေးဘဲနဲ့ သူတို့ကို ချန်ပီယံဆု ပေးအပ်ခြင်းဟာ တရားမျှတမှုမရှိဘူးလို့ ထင်ပါတယ်။ ခင်ဗျားအနေနဲ့ ပွဲစဉ်တွေကို အကုန်မကျင်းပနိုင်ဘူးဆိုရင် ဘယ်သူက ချန်ပီယံလဲ။ ဘယ်သူက တန်းဆင်းရမှာလဲဆိုတာ ရွေးချယ်ဖို့လည်း မဖြစ်နိုင်ပါဘူး” လို့ The Sun သတင်းကို ပြောဆိုပါတယ်။  ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ လီဗာပူးအသင်းဟာ ပွဲစဉ် ၂၉ ပွဲကစားပြီး ရမှတ် ၈၂ မှတ်နဲ့ ဒုတိယနေရာက တပွဲလျော့ မန်စီးတီးကို ၂၅ မှတ် ဖြတ်ထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up