Home
မြန်မာသတင်း
ကျိုက်ထီးရိုးဘုရားဖူးနှင့်ပွဲတော်များ အမြန်ရပ်နားသင့်ကြောင်း ဝန်ကြီးချုပ်ကို မွန်လွှတ်တော် စာပို့
ပိုင်စိုး
·
March 17, 2020
မွန်ပြည်နယ်က ကျိုက်ထီးရိုးဘုရားဖူးအစီအစဉ်အပါအဝင် ပြည်နယ်ထဲမှာလုပ်နေတဲ့ ပွဲတော်တွေကို သမ္မတရုံးကြေညာချက်နဲ့အညီ အမြန်ဆုံးရပ်နားထားသင့်တယ်လို့ မွန်ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ကို အကြောင်းကြားလိုက်ပါတယ်။ မနေ့ကလုပ်တဲ့ မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ လွှတ်တော် ဥက္ကဋ္ဌ လက်မှတ်ရေးထိုးပြီး ဝန်ကြီးချုပ်ဆီကို စာနဲ့ ပေးပို့လိုက်တာပါ။ ပြည်နယ်အစိုးရရဲ့ အာမခံချက်တွေ၊ ကတိတွေနဲ့ တာဝန်ခံချက်တွေစိစစ်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်မျိုးမြင့်က “အရင်အစည်းအဝေးတွေမှာတော့ ဝန်ကြီးချုပ်အားရင် လာတက်ပါ တယ်။ တင်ပြတာတွေကို တထိုင်တည်းမှာပဲပြောပြီး လုပ်နိုင်တာတွေကိုလည်း ပြောပြတယ်။ မနေ့က အစည်းအဝေးမှာတော့ ဝန်ကြီးချုပ်ကျန်းမာရေးမကောင်းလို့ မလာနိုင်တာကြောင့် စာပို့တာပါ” လို့ ပြောပါတယ်။ လက်ရှိကမ္ဘာတဝန်းဖြစ်နေတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါဟာ လူစုလူဝေးတွေမှာ ပိုပြီး မြန်မြန်ဆန်ဆန် ကူးစက်နိုင်တာကြောင့် လူစုလူဝေး ပွဲလမ်းသဘင်တွေကို လာမယ့်ဧပြီလကုန်အထိ ရပ်ဆိုင်းထားဖို့ သမ္မတရုံးက မတ် ၁၃ ရက်မှာ ပန်ကြားလွှာထုတ်ပြန်ခဲ့ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ကလည်း အဲဒါကို လိုက်နာဆောင်ရွက်ဖို့ ထပ်ဆင့်ညွှန်ကြားထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျိုက်ထီးရိုးဘုရားဖူးအစီအစဉ်ကို ပိတ်ဖို့မရှိဘဲ လာရောက်သူတွေကို ကိုယ်အပူချိန်တိုင်း ကိရိယာနဲ့ စစ်ဆေးခွင့်ပြုသွားမယ်လို့ သိရသလို တခြားမြို့နယ်တွေမှာလည်း ဘာသာရေးအခြေပြု ပွဲတော်တွေဆက်လက်ကျင်းပသွားမယ့် အခြေအနေကို ကြားသိရတာကြောင့် မနေ့က အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက စိုးရိမ်ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးချုပ်ဆီပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။ ကျိုက်ထီးရိုးမှာ အဲဒီလိုလုပ်မယ့် အစီအစဉ်ဟာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်နဲ့ အင်မတန် သွေဖည်နေပြီး သထုံမြို့နယ် ညောင်ချောင်းရွာမှာလုပ်နေတဲ့ လက်ဝှေ့ပွဲမှာ ထိုင်းနိုင်ငံသား လက်ဝှေ့သမားတွေပါနေသလို လူထောင်ကျော်လာတဲ့ ပွဲဖြစ်လို့ ကူးစက်ရောဂါ ကာကွယ်ရေးအတွင် မလုံခြုံဘူးလို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ ပေါင်မြို့နယ်က ဇင်းကျိုက်ဘုရားပွဲတော်၊ သံဖြူဇရပ်မြို့နယ် အနင်းရွာက ဘုန်းကြီးပျံပွဲနဲ့ ဆက်စပ်ပြီး ဇာတ်ပွဲတွေကပြဖို့ရှိတာကိုလည်း ဆိုင်းငံ့ထားသင့်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒေါ်ခင်မျိုးမြင့်က “ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေက၊ လွှတ်တော်ကပြောရင်တော့ အစိုးရက လုပ်ပေးပါတယ်။ ပြည်နယ်အနေနဲ့ပြောရင် ၅၀ ရာခိုင်နှုန်းလောက်လုပ်ပေးတယ်။ ကျမရဲ့ မြို့နယ်အနေနဲ့ ပြောရရင်တော့ ၆၀ ရာခိုင်နှုန်းလောက်လုပ်ပေးတယ်။ လယ်ယာမြေကိစ္စတွေသာ သိပ်မလုပ်ပေးနိုင်တာပါ” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024