ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက် ၂၁ နှစ်အရွယ် စပိန်ဘောလုံးနည်းပြတဦး သေဆုံး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် စပိန်လူမျိုး ဘောလုံနည်းပြတဦး ကွယ်လွန်သွားခဲ့ပြီလို့ Goal သတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူဟာ ဖရန်ဆွာဂါစီယာဖြစ်ပြီး သူဟာ မာလာဂါအခြေစိုက် ပေါ်တာဒါအဲလ်တာ လူငယ်အသင်းကို ၂၀၁၆ ခုနှစ်ကတည်းက မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။   ဒါ့အပြင် ဂါစီယာဟာ ဒေသတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးရတဲ့ ၅ ဦးမြောက်နဲ့ အသက်အငယ်ဆုံးလည်း ဖြစ်ပါတယ်။  သူဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး မာလာဂါဒေဆေးရုံကို တက်ရောက်ကုသခဲ့ရပါတယ်။ ဆေးရုံကို ရောက်ရှိချိန်မှာ ဂါစီယာဟာ သွေးကင်ဆာရောဂါတမျိုးကို ခံစားနေရကြောင်း တွေ့ရှိခဲ့ရပြီး ဒီရောဂါကြောင့် ဗိုင်းရပ်စ်ပိုးကို ခုခံရာမှာ ပိုမိုအားနည်းခဲ့ကာ မတ် ၁၅ ရက်မှာ သေဆုံးသွားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများစုဟာ အသက် ၇၀ ကျော်အရွယ်တွေ ဖြစ်တာကြောင့် ဂါစီယာဟာ အခုချိန်အထိ ဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးရတဲ့ အသက်အငယ်ဆုံး ဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ သူ သေဆုံးမှုကို ပေါ်တာဒါအဲလ်တာအသင်းက အတည်ပြုပေးခဲ့ပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာတခုကိုလည်း လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဆီဂန်ဒါမှာ ကစားနေတဲ့ မာလာဂါအသင်းကလည်း ဂါစီယာ သေဆုံးမှုအတွက် မိသားစုဝင်များ၊ မိတ်ဆွေများနဲ့အတူ ဝမ်းနည်းကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ စပိန်နိုင်ငံဟာ အီတလီနိုင်ငံပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအများဆုံး ဥရောပနိုင်ငံ ဖြစ်ပြီး လက်ရှိအချိန်အထိ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၉၁၉၀ ဦးရှိကာ သေဆုံးသူ ၃၀၉ ဦးရှိပြီ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် ဂျာမနီ၊ အီတလီနဲ့ အင်္ဂလန်နိုင်ငံတို့နည်းတူ စပိန်နိုင်ငံက  ဘောလုံးပွဲစဉ်တွေကိုလည်း ရပ်နားထားရပါတယ်။ ဥရောပဒေသတွင်း ဗိုင်းရပ်စ် ပြန့်ပွားမှုဟာ တဖြည်းဖြည်း အခြေအနေဆိုးရွားလာခဲ့ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီကို ရပ်နားလိုက်မလား၊ ဆက်ကစားမလားဆိုတာကို မတ် ၁၇ ရက်မှာ UEFA တာဝန်ရှိသူတွေက တွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up