ပုသိမ် ရွှေပြည်သာစျေးအနီး မီးလောင်မှု ဆိုင်ခန်း ၆ ခန်း ဆုံးရှုံး
DVB
·
March 17, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ရွှေပြည်သာစျေးအနီးမှာ မတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းမှုမှာ လူနေဆိုင်ခန်း ၆ ခန်း ဆုံးရှုံးခဲ့တယ်လို့ စျေးအနီးအနား ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
"ပေါက်ကွဲသံကြားရပြီး မီးခိုတွေ ထွက်လာလို့ အားလုံကြည့်ချိန်မှာ မီးလောင်တာစသိတယ်လို့ ပြောတယ်၊ လူအသေအပျောက်နဲ့ ဒဏ်ရာရတာမျိုးတော့ မရှိဘူး၊ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းကိုတော့ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနက စစ်ဆေးနေပါတယ်" လို့ ပုသိမ်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ဒီဗွီဘီကို ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ရွှေပြည်သာစျေးနဲ့ ဆက်စပ်တည်ရှိနေတဲ့ လူနေဆိုင်ခန်း ၆ ဆိုင် လောက် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်ရာနေရာကို မီးသတ်ဦးစီးဌာနက မီးသတ်ကား ၇ စီး၊ မနောဖြူပရဟိတအသင်းမှ ရေသည်ယာဉ် ၁ စီး၊ ဘက်စုံပရဟိတ အဖွဲ့က ရေသယ်ယာဉ် ၁ စီး၊ တပ်မတော်က ရေသယ်ယာဉ် ၁ စီး မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ နီးပါနဲ့ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ပြည်သူတွေ ပူးပေါင်းမီးငြိမ်းသတ်ခဲ့တာလို့ စျေးသူ စျေးသားတွေက ပြောပါတယ်။
"မီးလောင်တာက ၁၂ နာရီ ၄၅ မိနစ်အချိန်လောက်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မွန်းလွဲ ၃ နာရီအချိန်လောက်မှာ မီးကိုငြိမ်းသတ်နိုင်ခဲ့ကာ ကော်နဲ့ ပလတ်စတစ်ပစ္စည်း၊ ဆန်စက်အပို ပစ္စည်းနဲ့ စက်ပစ္စည်းအရောင်ဆိုင်အပါအဝင် ဆေးပစ္စည်းအရောင်ဆိုင်တွေ မီးလောင်ကျွမ်းခဲ့တာ" လို့ ပြောပါတယ်။
ဆိုင်ခန်း ၆ ခန်း မီးလောင်ခဲ့မှုနဲ့ ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ စျေးဆိုင်နဲ့ လောင်ကျွမ်းရတဲ့အကြောင်းကို အသေးစိတ်စစ်ဆေးအရေးယူဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ပုသိမ်ခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)