ဗုဒ္ဓဂါယာဘုရားဖူး မြန်မာ ၂၅၀၀ ကျော်ကို မတ် ၂၂ ရက် နောက်ဆုံးထား ပြန်ခေါ်မည်
DVB
·
March 16, 2020
အိန္ဒိယနိုင်ငံက ခရီးသွားဝင်ခွင့် ပိတ်လိုက်တာကြောင့် ဗုဒ္ဓဂါယာဘုရားဖူးရောက်နေတဲ့ မြန်မာနိုင်ငံသား ၂၅၀၀ ကျော်ကို မတ်လ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ခေါ်ပေးနေပါတယ်။
အိန္ဒိယနိုင်ငံက COVID – 19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မတ် ၁၃ ရက်နေ့ကစပြီး ဧပြီ ၁၅ ရက်အထိ ခရီးသွားဝင်ခွင့် ပိတ်လိုက်တာပါ။
ဒါကြောင့် ဗုဒ္ဓဂါယာမှာ ဘုရားဖူးရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၂၅၄၈ ဦးကို လေကြောင်းလိုင်း ၄ လိုင်းကနေ မတ်လ ၂၂ ရက်နေ့ နောက်ဆုံးထား ပြန်ခေါ်ပေးသွားမှာဖြစ်ပြီး လက်ရှိမှာ ခရီးသွားတွေအကုန်လုံး အိန္ဒိယနိုင်ငံဘက်ကို ပြန်ရောက်နေပြီဖြစ်ပြီး နီပေါနိုင်ငံဘက်မှာ ကျန်နေခဲ့တာမျိုးမရှိဘူးလို့ ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဥက္ကာက ပြောပါတယ်။
MNA လေကြောင်းလိုင်း၊ MAI လေကြောင်းလိုင်းတွေက စင်းလုံးငှားလေယာဉ်တွေနဲ့ ပြန်ခေါ်နေသလို Indigo လေကြောင်းလိုင်းနဲ့ Air India လေကြောင်းလိုင်းတွေကလည်း ခရီးစဉ်အချိန်ဇယားအလိုက်နဲ့ ခရီးသည်တွေကို ပြန်ခေါ်ပေးနေတာပါ။
လေယာဉ်အကြိမ်ရေ စုစုပေါင်း ၁၈ ကြိမ် ပျံသန်းပေးမယ်လို့လည်း ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားပါတယ်။
အခုပြန်ခေါ်လာမယ့် ခရီးသည်တွေကတော့ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားနေတဲ့ ခရီးသည်တွေပဲဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်ကို ပညာသင်ကြားဖို့ရောက်နေသူတွေ၊ ဆေးကုသရေးအတွက် ရောက်နေသူတွေ မပါဘူးလို့ သိရပါတယ်။
အိန္ဒိယနိုင်ငံက ဝင်ခွင့်ပိတ်ပြီးတဲ့နောက် ဗုဒ္ဓဂါယာခရီးစဉ်ဖျက်သိမ်းမှုတွေအတွက် ငွေပြန်အမ်းတာတွေကိုလည်း ခရီးသွားလုပ်ငန်းတွေက လုပ်ဆောင်နေကြပါတယ်။
လတ်တလောမှာတော့ COVID – 19 ကူးစက်ပြန့်ပွားမှုတွေကြောင့် ခရီးသွားဝင်ခွင့်ပိတ်တာတွေကို နိုင်ငံတချို့က လုပ်ဆောင်နေသလို မြန်မာနိုင်ငံမှာလည်း နိုင်ငံ ၈ နိုင်ငံက လာတဲ့ခရီးသွားတွေကို ယာယီ ၁၄ ရက် အသွားအလာကန့်သတ် စောင့်ကြည့်မှုတွေ ပြုလုပ်သွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သင်းသင်းဇော်