တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသည့် ငါးစီပေါင်း လုပ်ငန်းရှင်များ အရှုံးပေါ်
DVB
·
March 16, 2020
ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေတဲ့ ငါးစီပေါင်း လုပ်ငန်းလုပ်ကိုင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
ငါးစီပေါင်း ဝယ်ရောင်းလုပ်ကိုင်သူတဦးဖြစ်တဲ့ ဒေါ်ခိုင်မာက "ဒီရောဂါ မကြေညာခင် ရက်ပိုင်းက ငါးစီပေါင်းအစို တပိဿာကို ၁၄၀၀၀ ကျပ်ထိ ရောင်းချရပြီး အခုဆိုရင် ၈၀၀၀ ကျပ်လောက်ပဲ ရှိတော့တာပါ။ ကိုရိုနာဗိုင်းရပ်ရောဂါ ကြေညာပြီး နယ်စပ်ဂိတ်တွေပိတ်လိုက်တော့ ဝယ်ပြီးသား ကုန်ပစ္စည်းတွေကို စျေးချပြီးရောင်းရပါတယ်။ လုပ်ငန်း အကြီးအသေးအလိုက် အရှုံးပေါ်တာပါ "လို့ ဒီဗွီဘီကိုပြောပါတယ်။
ငါးစီပေါင်းလုပ်ငန်းကို ကမ်းရိုတန်းဒေသရှိ မြို့ကြီးတွေနဲ့ ငါးကြင်းအများဆုံးထွက်ရှိတဲ့ မြို့တွေမှာ လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
ငါးစီးပေါင်းလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးအေးမင်းက "ပြည်တွင်းစျေးတွေမှာရှိတဲ့ ငါးကြီးတွေရဲ့ ဝမ်းတွင်းစီပေါင်းတွေကို ဝယ်ယူစုဆောင်းပြီး အခြောက်လှမ်းပါတယ်။ အဓိကတော့ တရုတ်နိုင်ငံကို တင်ပို့ရောင်းချကြတာပါ။ တရုတ်နိုင်ငံ ဟိုတယ်တွေမှာတော့ ငါးစီပေါင်း ဟင်းတပွဲကို မြန်မာငွေတန်ဖိုး သိန်းနဲ့ချိန် ရောင်းချတယ်လို့ ကြားသိရတယ်။ ကျန်မာရေးနဲ့ ညီညွတ်တာဖြစ်လို့ ပြည်တွင်းမှာလည်း ငါးစီပေါင်းဟင်း စားသုံးလာကြပါပြီ။ ကုန်သွယ်ရေး လမ်းကြောင်းတွေပိတ်တော့ စျေးချပြီး ပြန်ရောင်းရတဲ့အတွက် အရှုံးပေါ်တာပါ" လို့ ပြောပါတယ်။
အဆိုပါ ငါးစီပေါင်းတွေကို ထိုင်နိုင်ငံ မဟာချိုင် ဘက်ကလည်း သွင်းကုန်တခုအနေနဲ့ ဝင်ရောက်တယ်လို့ သိရပါတယ်။
ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်၊ မန္တလေး ကုန်စည်ဒိုင်တွေကတွေကနေတဆင့် တရုတ်နိုင်ငံသို့ တပတ်ကို ငါးစီပေါင်း အခြောက်ကုန်ချိန် ပိဿာ ၃၀၀၀၀ လောက် တင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် ငါးစီပေါင်းလုပ်ငန်းသာမက တရုတ်နိုင်ငံကို အဓိကတင်ပို့နေတဲ့ သားငါး ပုစွန်၊ ဂဏန်းနဲ့ သီးနှံကုန်သည်တွေလည်း အရှုံးပေါ်နေတယ်လို့သိရပါတယ်။
သတင်း-မင်းထီး