မောက်မယ်မြို့နယ် ဟံးဗွာရွာက ဖျားနာသူများ သက်သာလာ
DVB
·
March 16, 2020
ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု ဗန်းမက်ဒေသ ဟံးဗွာရွာမှာ ဖျားနာသူတွေ သက်သာလာပြီး ကိုရိုနာဗိုင်းရပ် ရောဂါလက္ခဏာ မတွေ့ဘူးလို့ စောင့်ကြည့်ကုသနေတဲ့ဆရာမက ပြောပါတယ်။
ပအိုဝ်းဒေသ ကျန်းမာရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (PHWC) အဖွဲ့က ပထမရက် သွားရောက်ကုသချိန်မှာ လူနာ ၅၀ ကျော်ရှိခဲ့ပေမယ့် မတ်လ ၁၅ ရက်နေ့မှာ ဖျားနာလူနာ ၃ ဦး၊ ချောင်းဆိုးနှာစေးသူ ၂၂ ဦးရှိပြီး ဒီနေ့မှာတော့ ဖျားနာသူ မရှိတော့ဘဲ ချောင်းဆိုးနှာစေးသူ ကလေးလူကြီး ၁၄ ဦးသာကျန်ရှိတယ်လို့ သိရပါတယ်။
“မနေ့က ကြည့်တဲ့လူနာထဲမှာအဖျား ၃ ဦးတွေ့တယ် သက်သာသွားပြီ။ ချောင်းဆိုး နှာစေးတဲ့ လူနာထဲမှာလည်း သက်သာသွားပြီ ကိုရိုနာဗိုင်းရပ် ရောဂါလက္ခဏာနဲ့ပတ်သက်ပြီး မတွေ့ပါဘူး”လို့ ဗန်းမက်ရွာဆေးခန်း သားဖွားဆရာမ နန်းထက်ယမင်းအောင်က ပြောပါတယ်။
မြို့နယ်ကျန်းမာရေးအဖွဲ့ လာရောက်ကြည့်ရှုစောင့်ရှောက်နေပြီဖြစ်ပြီး အဓိက တော်တော်များများက နှာစေးချောင်းဆို ဖျားနာတာဖြစ်ပါတယ်။
“ကျနော်တို့အဖွဲ့က ပထမရက်သွားကြည့်တယ်၊ မောက်မယ်ကဆရာမတွေလာတော့ ကျနော်တို့အဖွဲ့ ပြန်လာလိုက်တယ်။ အရင်ကဖျားနာတာ ကိစ္စမရှိဘူး၊ အခုက covid 19 ကာလလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးအ ရစောင့်ကြည့်ရမှာပဲ။ အဲဘက်ဒေသက လမ်းပန်း ဆက်သွယ်ရေးခက်ခဲတယ်။ တော်ရုံတန်ရုံ ဖျားနာတာလောက်က ဘယ်သူမှ ဆေးခန်းမသွားဘူး။ သွားဖို့လည်း ဆေးခန်းနဲ့ရွာက အဝေးကြီးပဲ ကျနော်တို့ အနေနဲ့ အဲဒေသမှာ တရွာဝင်တရွာထွက် အနီးကပ်စောင့်ကြည့်နေပါတယ်” လို့ ပအိုဝ်းဒေသ ကျန်းမာရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (PHWC) ဒါရိုက်တာ ခွန်စည်သူက ပြောပါတယ်။
ဟံးဗွာရွာမှာ အိမ်ခြေ ၃၄ အိမ်ရှိပြီး လူဦးရေ ၁၉၈ ရှိကာ ပထမရက် အစိုးရ ဝန်ထမ်းမရောက်မီအချိန်က ကလေးလူကြီး ဖျားနာသူ ၅၀ ကျော်ရှိခဲ့ပါတယ်။
လက်ရှိ ဖျားနာ၊ ချောင်းဆိုးနှာစေးသူကို ဗန်းမက်ဆေးပေးခန်း သားဖွားဆရာမက အနားကပ်ကြည့်ရှုစောင့်ရှောက်ပေးနေပြီး ပအိုဝ်းဒေသ ကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီက PHWC အဖွဲ့က ပြန်သွားပြီလို့သိရပါတယ်။
ထိုဒေသမှာ မြို့က ဆေးရုံ၊ ဆေးခန်းတွေ သွားရောက်ကုသရန်ဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် PHWC အဖွဲ့ က ကွင်းဆင်းကုသမှုတွေ ပြုလုပ်ပေးနေတာပါ။
ဗန်းမက်ဒေသမှာ ပြီးခဲ့တဲ့မတ်လ ၆ ရက်နေ့က လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နိုင်ဖို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ရှမ်းပြည်နယ် အစိုးရအဖွဲ့များက ကွင်းဆင်းလေ့လာခဲ့ပြီးဖြစ်ပါတယ်။
Photo ဗန်းမက်သွားဖွားဆရာမ
ခွန်ရာဇာ