ခွေးကိုက်ခံရပြီး လူသေဆုံးခဲ့မှုအတွက် ခွေးပိုင်ရှင်ကို အမှုဖွင့်
DVB
·
March 15, 2020
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ အလမျိုးကျေးရွာအုပ်စုမှာ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက ဦးမောင်မောင်ဦး ဆိုသူ ခွေးကိုက်ခံရပြီး သေဆုံးခဲ့တာကြောင့် ခွေးပိုင်ရှင်ဖြစ်သူကို အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“လူ့အသက်အန္တရာယ်ဖြစ်စေတဲ့ တိရစ္ဆာန်ကို လွှတ်ထားလို့ ပိုင်ရှင်ဖြစ်တဲ့သူကို တိုင်ကြားလို့ တရားခံကို ဖမ်းဆီးစစ်ဆေးဖို့ ဆောင်ရွက်နေတယ်” လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတဦးက ပြောပါတယ်။
အသက် ၄၉ နှစ်အရွယ် ဦးမောင်မောင်ဦးဟာ နေအိမ်ရှေ့ လမ်းမပေါ်မှာ မနက် ၉ နာရီခွဲ အချိန်လောက်မှာ ခွေးကိုက်ခံခဲ့ရပြီး နေ့လယ် ၁ နာရီလောက် ဓနုဖြူဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံရောက်ရှိချိန်မှာ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာပါ။
ခွေးကိုက်ခံရပြီး ဦးမောင်မောင်ဦး သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ခွေးပိုင်ရှင် ဦးတင်ကြည်ကို ဓနုဖြူ မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ကလည်း ပျော်ဘွယ်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာမှာ အသက် ၄ နှစ်အရွယ် ကလေးတဦး နေအိမ်ရဲ့အပြင်ဘက်မှာ ခွေး ၅ ကောင် ဝိုင်းကိုက်တာ ခံခဲ့ရတာကြောင့် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
မင်းထက်မုန်း (ပုသိမ်)