ကျောက်ဖြူမြို့တွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
DVB
·
March 15, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေးနဲ့ပတ်သက်ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် လူစည်ကားနေရာတွေမှာ ဌာနပေါင်းစုံပူးပေါင်းပြီး မတ် ၁၄ ရက်နေ့ညနေက ဖြန့်ဝေခဲ့ကြပါတယ်။
ကျောက်ဖြူမြိုနယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က “အဓိကတော့ ပြည်သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရန်၊ ရှောင်ရန်တွေကို သိစေချင်လို့ လုပ်လိုက်တာပေါ့၊ ပြည်သူတွေကို အသိပညာပေးတဲ့သဘောပေါ့။”
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတွေ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေ၊ ကြက်ခြေနီအသင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး ကျောက်ဖြူမြို့ပေါ်ရှိ လူစည်ကားရာနေ ၅ ခုမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာတွေ၊ လက်ကို လက်ဆေးရည်နဲ့ စနစ်တကျ ဆေးကြောပုံ အသိပညာပေးတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။