သေနတ်ကျည်ထိမှန်သူ အမျိုးသမီး ၂ ဦး စစ်တွေဆေးရုံတွင် သေဆုံး
ဝဏ္ဏခွာညို
·
March 14, 2020
ရခိုင်ပြည်နယ် မြောက်ဦးနဲ့ကျောက်တော်မြို့နယ်တွေမှာ မတ်လ ၁၃ ရက်က ကျည်ထိမှန်ခံရပြီး စစ်တွေဆေးရုံမှာ အရေးအပေါ်လူနာအဖြစ် ကုသမှုခံနေတဲ့ အမျိုးသမီး ၂ ယောက် သေဆုံးသွားပါတယ်။
ကျောက်တော်မြို့နယ် သိန်းတန်းကျေးရွာက အသက် ၄၀ အရွယ် ဒေါ်နွယ်နွယ်ဦးဟာ ဦးခေါင်းဒဏ်ရာပြင်းထန်ရရှိခဲ့တာကြောင့် စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် မတ် ၁၃ ရက်နေ့ညပိုင်းက သေဆုံးသွားခဲ့ပါတယ်။
မြောက်ဦးမြို့နယ် ဘူးရွက်မညိုးကျေးရွာက အသက် ၄၀ အရွယ် ဒေါ်သန်းအေးကြည်ကတော့ တိမ်ညိုဆေးရုံမှာ လူနာစောင့်နေရင်း ကျည်ထိမှန်ကာ လည်ပင်းမှာ ဒဏ်ရာရရှိခဲ့တာကြောင့် စစ်တွေဆေးရုံမှာ ကုသနေစဉ် ဒီကနေ့ မနက်ပိုင်းက သေဆုံးသွားတာပါ။
ကလေးငယ် မနှင်းမိုးနွယ်ကတော့ ခါးမှာ ဒဏ်ရာရခဲ့တာကြောင့် စစ်တွေဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူထားပါတယ်။
မတ်လ ၁၃ ရက်နေ့က တိမ်ညိုတိုက်နယ်ဆေးရုံ ၄ ဖာလုံလောက်အကွာရှိ အကန်ကြီးဘုရားအနီး တိမ်ညိုကျေးရွာနဲ့ ဘူးရွက်မညိုအကြား ရန်ကုန်-စစ်တွေ လမ်းမမှာ တပ်မတော်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်ယာဉ်တန်းကနေ လမ်းအတိုင်းမောင်းနှင်ပစ်ခတ်ခဲ့တာလို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုတွေကြောင့် မြောက်ဦးမြို့နယ် ပေါင်တုန်ကျေးရွာသာ ၈ ဦး၊ တိမ်ညိုဆေးရုံလူနာစောင့် ၁ ဦးနဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်းက ဒုက္ခသည် ၉ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှာလည်း လက်နက်ကျည်ဆန်တွေထိမှန်ခဲ့လို့ ကျေးရွာသား ၃ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၃ လုံး မီးလောင်းကျွမ်းခဲ့တယ်လို့ ထွက်ပြေးလာကြတဲ့ သာစည်ကျေးရွာသားတွေက ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဖုန်းနဲ့ အကြိမ်အကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။