ယူရို ၂၀၂၀ ပြိုင်ပွဲ ၁ နှစ် ရွှေ့ဆိုင်းရန် UEFA အရေးပေါ် ဆွေးနွေးမည်

Reuters
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ပြင်းထန်လာတာနဲ့ပတ်သက်ပြီး UEFA က အင်္ဂါနေ့မှာ အရေးပေါ် အစည်းအဝေး ကျင်းပဖို့ စီစဉ်ခဲ့ကာ ဒီအစည်းအဝေးမှာ ပြိုင်ပွဲကို တနှစ်နောက်ဆုတ်ကျင်းပရေး ထည့်သွင်းဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူဆောင်ရွက်ရမလည်းဆိုတာကို ဥရောပဘောလုံးအဖွဲ့ချုပ်က ဗွီဒီယိုညီလာခံကျင်းပမှာပါ။  ဒီဆွေးနွေးမှုတွေမှာ ယူရို ၂၀၂၀ အပါအဝင် ပြည်တွင်းဘောလုံးပွဲတွေနဲ့ ဥရောပ ပြိုင်ပွဲအားလုံးရဲ့အခြေအနေတွေလည်း ပါဝင်မှာဖြစ်ပါတယ်။  ယူရို ၂၀၂၀ ပြိုင်ပွဲကို ဥရောပတလွှားက ကွင်းတွေမှာ လာမယ့် ဇွန် ၁၂ ရက်နေ ဇူလိုင် ၁၂ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒီအစည်းအဝေးအတွက်  UEFA က အဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ် ၅၅ ခုက ကိုယ်စားလှယ်တွေအပြင် ဥရောပကလပ်အဖွဲ့ချုပ်၊ ဥရောပလိဂ် နဲ့ ကမ္ဘာ့ကစားသမားများယူနီယံ Fifpro တို့က ဘုတ်အဖွဲ့ဝင်တွေကိုလည်း ဖိတ်ကြားခဲ့တယ်လို့သိရပါတယ်။   ဥရောပဘောလုံးပြိုင်ပွဲတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ခြိမ်းခြောက်မှု ပြင်းထန်လာတာကြောင့် အခုလိုအရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ရတာဖြစ်ပြီး ပွဲစဉ်တွေကို နှစ်ပတ်တိတိရပ်ဆိုင်းလိုက်ပြီလို့ လာလီဂါက ကြာသာပတေး နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။  ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ကလည်း နိုင်ငံတဝန်းလုံးမှာရှိတဲ့ ဘောလုံးပွဲ ဆိုင်ရာလှုပ်ရှားမှုတွေကို နှစ်ပတ်တိတိပိတ်ပင်ကြောင်း ကြေညာခဲ့ပြီး နယ်သာလန် အာရီဒီဘီစီကလည်း ပွဲစဉ်တွေကို မတ် ၃၁ ရက်အထိ ရပ်နားကြောင်းကြေညာပါတယ်။  အီတလီစီးရီးအေမှာလည်း ကစားသမားနှစ်ဦးဟာ   ကိုရိုနာဗိုင်းရပ်စ်ကူးစပ်ခံထားရကြောင်း တွေ့ခဲ့ရပြီး ပွဲစဉ်တွေကို ဧပြီ ၃ ရက်အထိရွေ့ဆိုင်းလိုက်ပါတယ်။  ပြင်သစ်ထိပ်တန်းလိဂ်နှစ်ခုက ပွဲစဉ်တွေကို ပရိသတ်မပါဘဲ ကစားစေခဲ့ပြီး ဥရောပလိဂ် ၁၆ သင်းအဆင့်ပွဲစဉ် နှစ်ခုကို ရွှေ့ဆိုင်းလိုက်ကာ ယူနိုက်တက်အသင်းရဲ့ယူရိုပါလိဂ်ပွဲအပါအဝင် ပွဲစဉ်တော်တော်များများကိုလည်း ပရိသတ်မပါဘဲ ကစားစေမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။  အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီး အသင်းရဲ့ ကစားသမားသုံးဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ရောဂါလက္ခဏာတွေတွေ့ခဲ့ရပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို တစုံတရာပြောင်းလဲဖို့ အခုအထိကြေညာခြင်း မရှိသေးပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up