ယူရို ၂၀၂၀ ပြင်သစ်အသင်းလူစာရင်းတွင် ပါဝင်လိုဟု မာရှယ်ပြော

ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ ပါဝင်လိုတယ်လို့ ယူနိုက်တက် ကွင်းလယ်ကစားသမား အန်တိုနီယိုမာရှယ်က ထုတ်ဖော်ပြောပါတယ်။  မာရှယ်ဟာ မတ် ၈ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဒီရာသီသွင်းဂိုးအရေအတွက်ဟာ ၁၇ ဂိုးအထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။  မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး လူကာကူကို ရောင်းထုတ်ခဲ့ပြီး မာရှယ်ကို အသင်းတိုက်စစ်မှာ ဦးဆောင်ခွင့်ပေးအပ်ခဲ့ပါတယ်။ ပြင်သစ်ကစားသမားကလည်း နည်းပြရဲ့ ယုံကြည်မှုကို သွင်းဂိုးတွေနဲ့အတူ သက်သေပြနေပြီပဲ ဖြစ်ပါတယ်။  မာရှယ်ဟာ ယူနိုက်တက်အတွက် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်နဲ့လည်း တော်တော်လေးအတွဲမိနေတာ တွေ့ရပါတယ်။ ဖာနန်ဒက်စ် ရောက်ရှိလာမှုနဲ့အတူ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာတဲ့ မန်ယူနိုက်တက်အသင်းဟာ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်လည်း ချဲလ်ဆီးအသင်းနဲ့ ၃ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မာရှယ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရေး အကူအညီပေးသွားဖို့ ဆုံးဖြတ်ထားပြီး ယူရိုပြိုင်ပွဲဝင် ပြင်သစ်အသင်းအတွက် ပွဲထွက်ခွင့်တနေရာ ရရှိဖို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။ ယူရိုဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ ပါဝင်ခွင့်ရရှိရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ “ဟုတ်ကဲ့၊ ကျနော် ဒီပြိုင်ပွဲအကြောင်းကို တွေးနေမိပါတယ်။ ကျနော် ယူရိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ စောင့်ကြည့်ရပါမယ်။ ကျနော်ကတော့ ကိုယ်လုပ်စရာရှိတာတွေ လုပ်ဆောင်နေပါတယ်။ ဒါပါပဲ” လို့ မာရှယ်က ပြန်ဖြေခဲ့ပါတယ်။ “ကျနော် ယူနိုက်တက်အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားပေးနေပါတယ်။ ကျနော် ဒီရာသီအတွင်း ဂိုးတွေ သွင်းနိုင်သလောက် သွင်းယူပေးသွားဖို့ကိုလည်း ပစ်မှတ်ထားနေပါတယ်” လို့ သူက ဆက်လက်ပြောပါတယ်။ မာရှယ်ဟာ ၂၀၁၆ ခုနှစ် ယူရိုဗိုလ်လုပွဲရောက် ပြင်သစ်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ပြီး ပေါ်တူဂီအသင်းကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲမှာ လူစားဝင်ကစားခွင့် ရရှိခဲ့ပါတယ်။  ဒါပေမဲ့ သူဟာ ၂၀၁၈ ခုနှစ် မတ်ကတည်းက ဒက်ချမ့်ရဲ့လက်ရွေးစင်အသင်း လူစာရင်းမှာ ပါဝင်ခွင့် ဆုံရှုံးခဲ့ပါတယ်။  မာရှယ်ဟာ နိုင်ငံအသင်းအတွက် ၁၈ ပွဲ ကစားခွင့်ရရှိထားပေမယ့် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြင်သစ်အသင်း ဗိုလ်စွဲခဲ့တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နိုင်ငံ့အသင်းအတွက် ကစားခွင့် ဆုံးရှုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up