ပုသိမ်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့် လူနာ ၁ ဦးကို ကုသပေးနေ
DVB
·
March 12, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19သံသယ လူနာတစ်ဦးကို စောင့်ကြည့်ကုသပေးနေတယ်လို့ ပုသိမ်မြို့နယ်ဆေးရုံအုပ်က ဒီဗွီဘီကို ပြောပါတယ်။
လူနာဟာအသက် ၃၀အရွယ် အမျိုးသားဖြစ်ပြီ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ရာက မတ်လ ၉ရက်က ကျောင်းကုန်းမြို့သို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။
ပုသိမ်မြို့နယ် ကုတင်၅၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က “ချောင်းဆိုးတာ မူဆယ်ရောက်ကတည်းက ဆိုးနေတာ။ ဖျားလာတဲ့အခါကျတော့ သူတို့ကျန်းမာရေးဌာနကို ဆက်သွယ်ပါတယ်။ ကျန်းမာရေးဌာနက ညွှန်ပို့တဲ့အတွက် မနေ့က ည၁နာရီလောက်က ပုသိမ်ဆေးရုံကို ရောက်ပါတယ်”လို့ ပြောပါတယ်။
သံသယရှိလူနာကို ဆေးရုံမှာရှိတဲ့ ကြိုတင်ပြင်ဆင်ထားတဲ့အခန်းမှာထားရှိကုသပေးနေပြီး ရောဂါအခြေအနေ သိပ်မဆိုးဘူးလို့လည်းသိရပါတယ်။
“ချောင်းဆိုးတာတစ်ခုနဲ့ လည်ချောင်းနာတာတစ်ခုကလွဲလို့ သွေးပေါင်းတွေလည်း ကောင်းတယ်။ အဖျားလည်း ၉၉ လည်းရှိတယ်။ သိပ်ပြီးအဆိုးကြီးမဟုတ်ဘူး။ ဒီမနက် ဓါတ်မှန်ရိုက်တဲ့အခါ ဓါတ်မှန်အဖြေလည်းကောင်းတယ်။ တရုတ်ပြည်က ပြန်လာတာဖြစ်တဲ့ အတွက် ကျနော်တို့ သံသယလူနာအနေနဲ့သတ်မှတ်ပါတယ်“လို့ ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။
အဆိုပါလူနာနဲ့အတူ တရုတ်ပြည်ကနေ အတူတူပြန်လာသူ ၃ ဦးကိုလည်း ဆေးရုံမှာ စောင့်ကြည့်ထားကြောင်းနဲ့ သူတို့ ၃ ဦးကို သီးခြားအခန်းမှာ ခွဲထားတယ်လို့လည်း သိရပါတယ်။
ပုသိမ်ဆေးရုံမှာ COVID-19 လူနာတွေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အခန်းမှာ လူနာ ၇ ဦး စောင့်ကြည့်ကုသနိုင်ပါတယ်။