Homeမြန်မာသတင်း
ဒါရိုက်တာမင်းထင်ကိုကိုကြီးသင်ကြားမည့် ဇာတ်ညွှန်းသင်တန်း ကျပ်သိန်း ၂၀ ဖြင့် တက်ရောက်နိုင်
ဒါရိုက်တာမင်းထင်ကိုကိုကြီးသင်ကြားမည့် ဇာတ်ညွှန်းသင်တန်း ကျပ်သိန်း ၂၀ ဖြင့် တက်ရောက်နိုင်
DVB
·
March 12, 2020
မကြာသေးခင်ကမှ အကျဉ်းထောင်ကလွတ်မြောက်လာတဲ့ နာမည်ကြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကိုယ်တိုင်သင်ကြားမယ့် ရုပ်ရှင်ဇာတ်ညွှန်းရေးသားခြင်း အနုပညာသင်တန်းကို သင်တန်းကြေးကျပ်သိန်း ၂၀ နဲ့ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ရုပ်ရှင်ရိုက်ကူးထုတ်လုပ်တဲ့ နေရာမှာ အသက်သွေးကြောတခုဖြစ်တဲ့ ဇာတ်ညွှန်းရေး ဆရာတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေပြီး ခုနောက်ပိုင်းမှာ ဇာတ်ညွှန်းသင်တန်း တွေ ဖွင့်လှစ်သင်ကြားလာတာတွေလည်း ရှိနေပါတယ်။
အခုဖွင့်လှစ်မယ့် ရုပ်ရှင်ဇာတ်ညွှန်းသင်တန်းကိုတော့ ATWM Screenwriting Course ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်မှာပေါ်မှတဆင့် ကြေညာထားတာ ဖြစ်ပါတယ်။
မင်းထင်ကိုကိုကြီးဟာ အိမ်မက်အလွန်၊ နောက်ဆုံးကဗျာ၊ အမျှင်၊ လရောင်ဆိုနာတာ၊ မောင်ရာဇာနေဝင်း (Clone)စတဲ့ ထူးခြားတဲ့ ဗီဒီယိုဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းတွေကို ရေးသားခဲ့သူဖြစ်ပြီး ကဗျာဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ မှတ်တမ်း ရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူအဖြစ်သာမက လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဦးဆောင်သူတဉီးအနေနဲ့လည်း ထင်ရှားပါတယ်။
သူဦးဆောင်သင်ကြားမယ့် ဇာတ်ညွှန်းသင်တန်းကို လာမယ့် မေလကနေ အောက်တိုဘာလအထိ တပတ်ကို ၄ ရက်၊ တရက်ကို ၄ နာရီနဲ့ ၆ လကြာ သင်ကြားရမှာဖြစ်ပြီး ဇာတ်ညွှန်းရေးသားခြင်းကာလကိုတော့ နိုဝင်ဘာလကနေ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ၃ လကာလ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
စိတ်ဝင်စားသူတွေအနေနဲ့ သင်တန်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် လျှောက်လွှာတွေကို ဒေါင်းလုတ်ရယူပြီးဖြည့်စွက်ကာ ဧပြီ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
အသေးစိတ်ကိုတော့ အောက်ဖော်ပြပါ သင်တန်းဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် လေ့လာစုံစမ်းနိုင်မှာ ဖြစ်ပါတယ်။