ဒီးမော့ဆိုမြို့နယ်တွင် သားအဖ ၃ ဦး အမွေကိစ္စ ရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွား
DVB
·
March 12, 2020
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါခလိုဒူကျေးရွာမှာ မတ်လ ၁၀ ရက်နေ့က သားအဖ သုံးဦး အမွေကိစ္စနဲ့ပတ်သက်လို့ နေအိမ်မှာ စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။
မတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဒေါခလိုဒူကျေးရွာနေ ဦးလောဆီနဲ့ သားဖြစ်သူ ပေတလူတို့ အမွေကိစ္စနဲ့ ပတ်သက်ပြီး စကားများကြရာ သားငယ်ဖြစ်သူ မီးကေးလယ်က ဖခင်နဲ့ အစ်ကိုဖြစ်သူတွေကို ဓားချွန်နှင့် ဝင်ထိုးခဲ့ပါတယ်။
ဓါးချွန်နဲ့ ဝင်ထိုးတဲ့ သားငယ်ကို ဖခင်က ပုဆိန်နဲ့ပြန်ရိုက်ခဲ့သလို သားကြီးပေတလူးက သစ်သားချောင်းနဲ့ ပြန်ရိုက်ခဲ့လို့ သားငယ်မီကေးလယ်ဟာ နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ကယားပြည်နယ်ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဓါးချွန်နဲ့ ဝင်ထိုးခံရတဲ့ ဖခင်ကတော့ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာတချက်နဲ့ သားကြီးပေတလူက ရင်ညွန့်မှာ ထိုးသွင်းဒဏ်ရာ တချက်ရရှိခဲ့တဲ့အတွက် လွိုင်ကော် ပြည်သူ့ဆေးရုံမှာ ကုသမှုခံရနေရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူနဲ့ အစ်ကို တို့ကို ဒီးမော့ဆိုမြို့မရဲစခန်းမှာ (ပ) ၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။