Home
မြန်မာသတင်း
ကျူရှင်မယူလို့ ကျောင်းသားတွေကိုစာမေးပွဲချပါက အရေးယူရန် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Aung Ko Latt
·
March 12, 2020
87012596_1267710500100609_3259591302458638336_o
ကျောင်းသူကျောင်းသားတွေကို ကျူရှင်မယူလို့   စာမေးပွဲချရင် အရေးယူဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မတ်လ ၁၁ ရက်က ဒီပဲယင်းမြို့နယ်မှာ ပြုလုပ်တဲ့ ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာ ကျောင်းဆရာ ဟောင်းတစ်ယောက်ရဲ့ တင်ပြချက်အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ပြောဆိုရာမှာ   ပြောကြားခဲ့တာပါ။ “ကျမတို့ရဲ့ ကျောင်းသားမိဘတွေပေါ့။ အခုကျူရှင်တွေ ပေးနေရတာ မကြိုက်ဘူး။ တောင့်မခံနိုင်ဘူးလား။ အားလုံးမိဘတွေကနေ တညီတညွတ်ထဲ ငါတို့တွေက ငါတို့ကလေးတွေ ကျူရှင်မလွှတ်ဘူးဆိုလို့ရှိရင် ဒီကျောင်းဆရာတွေ၊ ဆရာမတွေက ကျူရှင်ပေးမှ ကျူရှင်ကိုလွှတ်မှ လက်ခံမယ်ဆိုတဲ့ ကျောင်းဆရာ ဆရာမတွေက ဘယ်လိုလုပ်မလဲ။ သူတို့ ကလေးတွေအားလုံးကို စာမေးပွဲချပစ်မလား။ ချကြည့်လေ။ ပညာရေးဝန်ကြီးဌာနက လိုက်တော့မှာပေါ့။ ဘာဖြစ်လို့ ဒီအတန်းက တစ်ချိန်လုံး အားလုံးကျနေသလဲဆိုတာ။ သူတို့ ဘယ်လိုလုပ် လုပ်လို့ရမလဲ။ ဒါကြောင့်မို့ နှစ်ဘက်စလုံးက ကြိုးစားရမယ်။ ကျမ ခဏခဏပြောတယ်။ အစိုးရပဲ အားလုံးလုပ်ပါဆိုတဲ့ စိတ်နဲ့ မလုပ်နဲ့။ အဲဒါ ဒီမိုကရေစီကို ပံ့ပိုးရာမရောက်ဘူး။ ဒါ အာဏာရှင်ကို ပံ့ပိုးရာ ရောက်တယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာ့ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေပြီး ကမ္ဘာ့ အဆင့်တက်လာပေမယ့် အာရှဒေသတွင်းမှာတော့ နောက်ကျကျန်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ “တချို့ဆရာတွေက ကျူရှင်ပေးတဲ့ကလေးတွေမှ အအောင်ပေးတယ်ဆိုတာ တတိုင်းပြည်လုံး မှာ ဖြစ်နေတဲ့ ကိစ္စပါ။ ကျမတို့လည်း သိပါတယ်။ ကျမတို့အနေနဲ့ ကျမတို့ပညာရေးစနစ်ဟာ ကလေးများအပြင်မှာ ကျူရှင်ယူဖို့ မလိုတဲ့ စနစ်ဖြစ်အောင် ကြိုးစားနေပါတယ်။ အဲလိုဖြစ်ဖို့ ဆိုတာက ကျောင်းခန်းအတွင်းမှာ ပြည့်ပြည့်စုံစုံသင်ပေးနိုင်ဖို့ လိုပါတယ်။ နံပါတ်တစ်ကတော့ ကျမတို့ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်း၊ အရည်အချင်းဆိုတာ ဘာသာရပ်အရည်အချင်းရော၊ စိတ်ဓာတ်အရည်အချင်းရော နှစ်ခုစလုံးကို မြှင့်တင်ဖို့ လိုပါတယ်။ နှစ်ပေါင်းများစွာ ကျူရှင်စနစ်က စိုးမိုးခဲ့တဲ့ အခါကျတော့ တချို့ဆရာဆရာမတွေက ကျူရှင်စနစ်ကို လက်မလွှတ်ချင်တာတော့ အမှန်ပါပဲ။ အားလုံးတော့ မဟုတ်ပါဘူး။ ကျမတို့ သတိပြုမိတာက တချို့ဆရာဆရာမတွေက ပြုပြင်ပြောင်းလဲတာတွေကို ထောက်ခံတယ်။ ဝင်ပြီးတော့ ပံ့ပိုးပေးတယ်။ အောင်မြင်အောင် လုပ်ပေးတယ်။ တချို့တွေကတော့ မကြိုက်ကြဘူး။ သူတို့ရဲ့ ငွေဝင်လမ်းကို ပိတ်တယ်ဆိုပြီးတော့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ကျူရှင်ပေးတာကလည်း မိဘတွေအပေါ်မှာ မူတည်ပါတယ်။”လို့ လည်း ပြောဆိုခဲ့ပါသေးတယ်။ နိုင်ငံပြုပြင်ပြောင်းလဲချင်ရင် အစိုးရတစ်ရပ်ထဲက လုပ်လို့မရဘဲ ပြည်သူတွေကိုယ်တိုင်တစ်ယောက်ချင်းစီ ဝိုင်းဝန်းပါဝင်မှ ရမယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ဒီပဲယင်းအကြမ်းဖက်လုပ်ကြံမှု ဖြစ်ပွားခဲ့ပြီးကတည်းက နှစ်ပေါင်း ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဒီပဲယင်းမြို့နယ်ကိုရောက်ရှိလာတာဖြစ်ပြီး သောင်းနဲ့ချီတဲ့ ပြည်သူလူထုတွေက ကြိုဆိုခဲ့ကြပါတယ်။   
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024