DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းရေးအဆို လက်ခံ
DVB
·
March 20, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းရေးအဆို လက်ခံ
Donate to DVB

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရေး တိုက်တွန်းကြောင်းအဆိုကို ဝက်လက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် သူရဦးအေးမြင့် ပြည်ထောင်စုလွှတ်တော်ကို ဒီနေ့ တင်သွင်းလိုက်ပြီး ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြပါတယ်။

ဒီအဆိုကို ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေပြုပြီး ဖွဲ့စည်းပုံကို ပြင်သင့်တဲ့နေရာတွေ ရှိနေပြီဖြစ်ကြောင်း ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးကလည်း ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြတာပါ။

ကျင်းပနေတဲ့ လွှတ်တော်ဟာ မတ် ၂၂ ရက်နေ့ ပြီးဆုံးတော့မှာ ဖြစ်တဲ့အတွက် လွှတ်တော်နာယကက ဇွန် ၂၅ ရက်မတိုင်မီ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အကြံပြုချက်ပေးနိုင်ကြောင်း ညွှန်ကြားခဲ့တယ်လို့ သီပေါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ဆိုပါတယ်။

“ဆိုလိုတာက လွှတ်တော်ထဲမှာ ဆွေးနွေးမနေတော့ဘဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့၊ လေ့လာသုံးသပ်တဲ့ ကော်မရှင်နဲ့ ကော်မတီ ဖွဲ့စည်းတဲ့အခါမှာ ဘယ်လိုဖွဲ့စည်းသင့်တယ်၊ ဘယ်သူပါသင့်တယ်၊ ဘယ်လိုဆောင်ရွက်သင့်တယ် စသဖြင့် အကြံဥာဏ်တွေပေးနိုင်တယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။”

ဒါကြောင့် ဇွန် ၂၅ ရက်နောက်ပိုင်းမှ ကော်မတီနဲ့ ကော်မရှင် ဖွဲ့စည်းဖြစ်မှာဖြစ်ပြီး ဒီမတိုင်ခင်အတွင်း အကြံပြုချက်တွေကို လက်ခံမှာဖြစ်တဲ့အတွက် အချိန်ပေးလိုက်တဲ့သဘော ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်အပိုင်းတွေကို ပြင်ဆင်သွားသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဦးရဲထွန်းက အခုလို ပြောပါတယ်။

“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသား လူနည်းစုတွေအတွက် တန်းတူအခွင့်အရေးပေးဖို့ အပိုင်းနဲ့ပတ်သက်ပြီး ပြည်နယ်တွေမှာ ဥပဒေပြုခွင့် အာဏာ တိုးပေးရမယ်။ တိုးပေးပြီးရင် ဥပဒေပြုခွင့်အာဏာ ရှိသလောက်ကို ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်ခွင့်အာဏာကလည်း သက်ရောက်မှာ ဖြစ်ပါတယ်။ နောက် ၂၀၁၅ မှာ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကိစ္စမှာလည်း ပြည်ခိုင်ဖြိုးပါတီတို့၊ တစညပါတီတို့ ကျနော်တို့ နိုင်ငံအနာဂတ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ သွားနိုင်ဖို့အတွက်ဆိုရင် ပြည်သူတွေရဲ့ တကယ့်ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်များ ပါဖို့လိုတယ် ဆိုတဲ့ဘက်က ရပ်တည်ပြီး ပြင်ဖို့ ကြိုးစားကြလိမ့်မယ်။”

ဒါ့အပြင် သမ္မတ ရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ အရည်အချင်းသတ်မှတ်ချက်တွေ၊ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအတွက် ရည်ရွယ်သတ်မှတ်ထားသလိုဖြစ်နေတဲ့ ကိစ္စတွေလည်း ဆွေးနွေးဆုံးဖြတ်တဲ့အထဲမှာ ပါမယ်ထင်တယ်လို့ ဆိုပါတယ်။

အခုလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်လေ့လာ ကော်မတီ ဖွဲ့စည်းရေးအဆို လက်ခံဆွေးနွေးလိုက်တဲ့အပေါ် ဦးရဲထွန်းက “ပိုပြီးတော့ ကောင်းလာမယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးတယ်ဆိုတာက အားလုံး ရာခိုင်နှုန်းပြည့် သဘောတူတယ်ဆိုတာမျိုး မဖြစ်နိုင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြည်သူလူထုက ၉၂ ရာခိုင်နှုန်းကျော်ကျော် ထောက်ခံအတည်ပြုတယ်ဆိုတာက အချက်အလက်မှန်၊ အခြေအနေမှန်ကို ထင်ဟပ်နိုင်တယ်လို့ မယူဆဘူး။ သို့သော်လည်း တိုင်းပြည်တပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာမှာ အားလုံးက သဘောမတူသော်လည်း အခြေအနေအရ လက်ခံပြီး လုပ်ရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုးလည်း ရှိပါတယ်။ ဆိုလိုချင်တာက ကျနော်တို့ အားလုံးလည်း ကော်မရှင်ဖွဲ့တဲ့အတွက် ပြောခွင့်ဆိုခွင့်တွေရမယ်၊ ရှင်းပြခွင့်တွေရမယ်။ ဒါကို ပြင်ပက ပညာရှင်တွေ၊ မီဒီယာသမားတွေလည်း ရေးကြမယ်၊ ပြောကြမယ်၊ ဆွေးနွေးကြမယ်။ နောက်ဆုံး ဆွေးနွေးကြပြီးတော့ ဆုံးဖြတ်ချက်ချတဲ့အခါကျတော့ လွှတ်တော်ကပဲ ဆုံးဖြတ်မှာကိုတော့ မမေ့ဖို့ လိုတာပေါ့” လို့ ပြောပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီနဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုကို ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ သဘောတူခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကို ဆက်လက် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013