အဖြေသိပုစ္ဆာက ရလိုက်သည့်အမြတ် 

ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၁၀ ရက်က စတင်ပြီး အခြေခံဥပဒေကို ဒုတိယအကြိမ်  ပြင်ဆင်ချက်သည့် ဥပဒေမူကြမ်းကို ၉ ရက်ကြာ မဲခွဲဆုံးဖြတ်နေကြသည်။ ပုဒ်မ ၄၃၆ (က)နှင့် အကျုံးဝင်သည့် အရေးပါသောပြင်ဆင်ချက်များ မဲအများစုရသော်လည်း ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ရှုံးနိမ့်သွားသည်။ ရှုံးနိမ့်သွားခြင်းအပေါ်တွင် ပြည်သူလူထု၏ တုန့်ပြန်မှုမှာတည်ငြိမ် နေသည်။ “နကမ္ပတိ”။ တုံလှုပ်ခံစားရဟန်မပြ။ အားလုံးက “အဖြေသိပြီးသားပုစ္ဆာတပုဒ်မျှသာ” သဘောထားဟန် ရှိသည်ကို တွေ့ရသည်။ ခြေ/ဥဖျက်သိမ်းရေးသမားများကလည်း “အစကတည်းက ငါတို့မပြောလား”ဟူသောမျက်နှာပေးဖြင့် ထေ့ပြုံးကလေး ပြုံးနေမည်မလွဲပင်။ အချို့သော နိုင်ငံရေးလေ့လာသုံးသပ်သူတို့ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေမရေးဆွဲမီ အမျိုးသားညီလာခံအစကတည်းက အစဉ်တစိုက်ငြင်းပယ်ခဲ့ကြသည်ပင်။ ညီလာခံကိုလည်း မတရားသောနည်းဖြင့်ဘောင်ဝင်အောင်ပြုလုပ်ခြင်းကြောင့် ‘အန်အယ်လ်ဒီ’ သည်ပင် ညီလာခံမတက်ပဲ ဆန့်ကျင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတော့လည်း ဆန့်ကျင်ခဲ့ကြသည် ပင်။ မထောက်ခံကြ။ ယုံကြည်မှုလည်းမရှိခဲ့ကြ။ ဖွဲ့စည်ပုံအခြေခံဥပဒေအတည်ပြုစဉ်ကလည်း အကြောက်အကန် ငြင်းဆန်ခဲ့ကြသည်။ နာဂစ်ဖွဲ့စည်းပုံဟုပင်အမည်သညာပြုခဲ့ကြသည်။ မှန်ပါသည်။ ၂၀၀၈ခုနှစ်က မြန်မာပြည်သည် သဘာဝဘေးဒဏ်ကို အကြီးမားဆုံးခံခဲ့ရသည်။ နာဂစ်ကြောင့် လူပေါင်း သိန်းချီသေကျေပျက်စီးကြရသည့်အပြင် အိုးအိမ်စည်းစိမ်များလည်း ဆုံးရှုံးခဲ့ရသည်။ အိုးမဲ့အိမ်မဲ့ စားသောက် စရာမရှိ အတိဒုက္ခရောက်နေချိန်။ အချို့ဆိုလျှင် အမိအဖ၊ ညီအကို၊ မောင်နှမ သားသမီးတို့ သေသည်ရှင်သည်မသိ ပူဆွေးသောကဖြစ်နေချိန်။ ဤသို့သောအခြေနေတွင် နိုင်ငံတကာကလည်း ‘ဖွဲ့စည်းပုံအခြေခံဥပဒေ’အတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအား ရွှေ့ဆိုင်းပေးရန် တောင်းပန်ခဲ့ကြသည်။ ပြောမရ၊ ဆိုမရ ။ “ပြည်သူ့အခက် မသမာသူတို့အချက်” ဖြင့်ကြည့်မြင်ခဲ့ကြဟန်ရှိသည်။ ခြေ/ဥ၏ ပြည်လုံကျွတ်ဆန္ဒခံယူပွဲတွင်လည်း မြန်မာတို့သဘာအတိုင်း Vote No နှင့် No Vote ကွဲခဲ့ပြန်သည်။ အချို့က မဲပင်မထည့်ခဲ့ကြ။ မဲထည့်သူအများစုကလည်း လောလောလတ်လတ် ခံစားနေရသော နာဂစ်ဒဏ်အပြင် မကြာမတင်မီလေးတွင်မှ ဖြစ်ပွားခဲ့ရသော ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြသော ပြည်သူလူ ထုနှင့် ဘုန်းတော်ကြီးတို့အတွက် ခစားချက်ကမပျယ်သေးသောအချိန်တွင် ဆန့်ကျင်ကန့်ကွက်ခဲ့ကြမည်မလွဲပင်။ သို့သော် ၂၀၀၈ မေလ ၁၅ ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုလိုက်သည်။ မျက်ရည်၊ သောကက၊ ပရိဒေဝမီးတို့ဖြင့်လိမ်းကျံ၍ မီးပြင်းတိုက် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအဖြစ် လူထုကပုံဖေါ်ခဲ့ ကြသည်။ ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် စတင်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ညီလာခံကိုစတင်ရေတွက်လျှင် စုစုပေါင်းကြာချိန်မှာ ၁၅ နှစ် ၄ လနှင့် ၆ ရက်ကြာမြင့်ခဲ့သည်။ သေချာတွက်စစ်ကြည့်လျှင် ဒုတိယကမ္ဘာစစ်၏ စစ်ရာဇဝတ်တရားခံ‘အိုက်ခမန်း’ စစ်ပြေးဘဝဖြင့် ပုန်းရှောင်နေသည့် ကာလထက်ပင်ရှည်ကြာနေ  သေးတော့သည်။ ကမ္ဘာတွင်မည်သည့်နိုင်ငံမှ ဤမျှလောက်လောက်နှစ်ရှည်ကြာရေးဆွဲခဲ့ရသောဖွဲ့စည်းပုံမရှိသေး ဟုဆိုသည်။ သို့သော်ပြည်သူလူထုမူ ဤသို့ပြင်ဆင်ရန်ခက်ခဲသောဥပဒေကို လက်မခံနိုင်ခဲ့ကြပေ။ ဒီ/ချုပ်ပါတီက ဤဥပဒေကိုပြင်ဆင်ရန် အမျိုးသားညီလာခံကျင်းပစဉ်ကတည်းက နည်းပေါင်းစုံဖြင့်ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့သလို ယခုလည်း ခြေ/ဥ၏ ၄၃၆ပုဒ်မကို မကျော်လွန်နိုင်ခဲ့။  အစကတည်းကမသိမဟုတ်။ သိသိကြီးဖြင့် ပြင်ဆင်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကာလ ကတိကို တည်ချင်ရုံသက်သက်ဖြင့်ပြုလုပ်ခြင်းကား မဟုတ်နိုင်။ အများထင်မြင်ယူဆသကဲ့သို့ ရွေးကောက်ပွဲအတွက် မဲဆွယ်ရုံသက် သက်ဟုမ ထင်မြင်မိပါ။ ကျွဲကူးရေပါ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် သည့်ထက်ပိုသော အကြောင်းအချက်များ လည်းရှိနိုင်ပါသေးသည်။ ပြင်၍မရနိုင်ကြောင်းကို နိုင်ငံရေးသုခမိန်အကဲခတ်သုံးသတ်ကြသူများ၊  ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များသာမဟုတ် ပြည်သူအတော်များများကလည်း သိပြီးဖြစ်သည်။ ထို့ကြောင့် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခြင်း၏ အနိုင်အရှုံးရလဒ်အပေါ် ပြည်သူတို့ မတုံလှုပ်ခဲ့ကြခြင်းပင်။ ဖြစ်ပေါ်လာမည့်အဖြေကိုပင် ကြိုတင်သိပြီးဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ လွှတ်တော်မှတ်တမ်းတွင် သမိုင်းဝင်အချက်တခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။ ပြင်ဆင်ရမည့်အချက်များ၊ ပုဒ်မများတို့ကိုလည်း သမိုင်းမှတ်တမ်းဖြစ်စေခဲ့ပါသည်။ တချိန်တွင်ဤပြန်တမ်းမော်ကွန်းဝင်ပုဒ်မများသည် ပြန်လည်အသက်ဝင်မလာနိုင်ဟု မည်သူမျှမပြောနိုင်ပါချေ။လိုအပ်ချိန်တွင်ဤပြင်ဆင်ချက် မူကြမ်းတို့သည် အဆင်သင့်ပြုစုပြီး၊ တင်ပြပြီးဖြစ်နေမည်သာ။‘ပြင်မရလျှင် ဖျက်ပစ်ရမည်’ဟူ သောသဘောထားရှိ သူတို့ဘက်က အားသာလာလျှင်လည်း ထည့်သွင်းရမည့်အချက်တို့အဆင်သင့်ဖြစ်စေပါသည်။ နိုင်ငံတကာ၏အမြင်တွင်လည်း ၂၀၀၈ မြန်မာ့ဖွဲ့စည်းပုံသည် ကမ္ဘာတွင် ပြင်ဆင်ရန်အခက်ဆုံး ဒီမိုကရေစီမကျဆုံးဖွဲ့စည်းပုံအဖြစ်စာတွေ့မဟုတ် လက်တွေ့သိမြင်ခွင့်ရရှိသွားပြီဖြစ်သည်။ ထို့အပြင် ‘အပြည်ပြည်ဆိုင်ရာတရားရုံး’ ၏ ဆုံးဖြတ်ချက်အပေါ်၌လည်း ဂယက်ရိုက်ခတ်လာမည်ကိုတော့စိုး ရိမ်ဖွယ်ရာပင်။ လွှတ်တော်အတွင်းဆွေးနွေးမှုများတွင်လည်း မည်သူက နတ်ဆိုးဖြစ်သည်ကို ပြည်သူတို့ ကွက်ကွက်ကွင်းကွင်းမြင်တွေ့ခဲ့ကြရပြီးဖြစ်သည်။ မည်သို့ဆိုစေ မြန်မာ့သမိုင်းတွင်  ‘စေတန်’၏ ‘စေတနာ’မှတ်တမ်းဆိုးတခုအဖြစ် သမိုင်းတင် ကျန်ရစ်တော့မည်သာ…။ ထွန်းဇော်ဌေး   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up