တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် တင်ဆက်ရန် ဂျပန် မသန်စွမ်း အကသမားလေး အကစွမ်းရည်ပြသ

ဂျပန်နိုင်ငံက မသန်စွမ်း အကသမားလေး ကမ်ဘာရာဟာ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲမှာ သူ့ရဲ့ စွမ်းရည်ကို ပြသဖို့ ရည်မှန်းထားပါတယ်။  မွေးရာပါ ကျောရိုးနာ့ဗ်ကြောရောဂါကြောင့် လမ်းမလျှောက်နိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကမ်ဘာရာဟာ ၂၀၂၀ တိုကျိုပါရာလမ်ပစ် ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာ တင်ဆက်ကပြဖို့ အကစွမ်းရည်ကို အစမ်းပြသနေတာပါ။ သန်စွမ်းသူတွေကိုရော မသန်စွမ်းတွေကိုပါ ကမ်ဘာရာ ပေးချင်တဲ့ သတင်းစကားက တခုတည်းပါ။ အဲဒါကတော့  သူများနဲ့ မတူလို့ ဘာမှမဖြစ်ဘူး ဆိုတာပါပဲ။   “ကျနော်က လက်နဲ့လည်း လမ်းလျှောက်လို့ ရတယ်။ ဝှီးချဲနဲ့လည်း လျှောက်လို့ရတယ်။ ဒီတော့ ကျနော် လမ်းလျှောက်လို့ရတဲ့ နည်းလမ်း နှစ်သွယ် ရှိတယ်။ ခြေထောက်နဲ့ လမ်းလျှောက်လို့ မရရင် တခြားနည်းလမ်း ရှိတယ်ဆိုတာ ကျနော့်ကကွက်က တင်ဆက်ချင်တာပဲ။”  ကမ်ဘာရာ ၃ တန်းအရွယ်မှာ မိခင်ဖြစ်သူက သူ့ကို  ဒီတသက် လမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူးလို့ စပြောခဲ့ပြီး အဲဒီတုန်းက သူ အတော်ထိတ်လန့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီစကားကြောင့် သူရဲ့ မသန်စွမ်းမှုကို ရင်ဆိုင်မယ့် နည်းလမ်းတွေကို သူ စဉ်းစားခဲ့ပြီး သူ့ရည်မှန်းချက်တွေ ပေါက်မြောက်စေမယ့် နည်းလမ်းအသွယ်သွယ်ကို ရှာဖွေခဲ့ပါတယ်။ “ကျနော့်မှာ သူများနဲ့မတူတဲ့  ခန္ဓာကိုယ်ရှိနေတာက စိတ်ဝင်စားစရာကောင်းတယ် ဆိုတာကို လူတွေကို နားလည်စေချင်ပါတယ်။ ကျနော့်ခြေထောက်တွေက လှုပ်ရှားမှု မရှိတာကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း လှုပ်ရှားမှုက ပိုအားကောင်းတယ်။ ကျနော်ဟာ သူများနဲ့ မတူလို့ကို စိတ်ဝင်စားစရာကောင်းနေတာပါ။”  ကနဦး အစမ်းကပြမှု အောင်မြင်ပြီးနောက်မှာ ကမ်ဘာရာအနေနဲ့ ပါရာလမ်ပစ်ပြိုင်ပွဲ အခမ်းအနားတွေမှာ တင်ဆက်ဖို့ အစမ်းကပြ ဖျော်ဖြေသွားမှာပါ။  ဒါပေမဲ့ သူ့မှာ ဒီထက်ကြီးတဲ့ ရည်မှန်းချက် ရှိနေပြန်ပါတယ်။ အဲဒါကတော့ ပါရာလမ်ပစ် ပြိုင်ပွဲတွေကို လူတွေ ပိုပြီးစိတ်ဝင်စားဖို့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲမှာ သူ့အနေနဲ့  တင်ဆက်ကပြဖို့ ရည်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up