လူမှုကွန်ရက်တွင် တပ်မတော်ကို ရေးသားခဲ့ခြင်းမရှိဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံပြော

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာမှာ တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့်လက်နက်ကြီးကျပြီး အရပ်သားတွေ သေဆုံးရတာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ လုံးဝရေးသားခဲ့တာမရှိဘူးလို့  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ဒီဗွီဘီ ကိုပြောကြားပါတယ်။ "RFA မှာ သူဖြေထားတာက တပ်မတော်ပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ ကင်းတောင် မွတ်စလင်ကျေးရွာက အရပ်သား အမျိုးသမီးနှစ်ဦး သေဆုံးတယ်လို့ လူမှုကွန်ရက်မှာရေးသားလို့ ၆၆(ဃ)နဲ့အမှုဖွင့်တယ်လိုပြောထားတယ်။ သူပြောသလို လုံးဝမရေးဘူးဗျ။"လို့ ဦးမောင်ကျော်ဇံက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ကင်းထောင်ကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက်ပြီး ရွာသားများ ထိခိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့လို့ ဘူးသီးတောင်အခြေစိုက် အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)မှ ဒုဗိုလ်မှူးကြီး ပြည့်စုံအောင်က တရားလိုပြုလုပ်ပြီး ဘူးသီးတောင်မြို့နယ်ရဲစခန်းမှာ မတ်လ ၅ ရက်နေ့က အမှုဖွင့်လှစ်ထားတာလို့ ဦးမောင်ကျော်ဇံက ဆိုပါတယ်။ “တရားလိုက ဒုဗိုလ်မှူးကြီးပြည့်စုံအောင် စကခ ၁၅ ဘူးသီးတောင်က။ ကျနော်က ရိုက်တာသတင်းဌာနကို သတင်းပြောတဲ့အတွက် တရားခံမှာ ကျနော်နဲ့ ရိုက်တာသတင်းဌာနလည်း ပါဝင်တာတွေ့ရတယ်။ ရိုက်တာကိုဖြေကြားခဲ့တာကလဲ လူမူကွန်ရက်မှာ တပ်မတော်ကပစ်တာ ဖြစ်တယ်လို့ ကင်းတောင်ကျေးရွာသူ/သားတွေပြောကြားထားတဲ့ ဗီဒီယိုဖိုင်တွေကို တွေ့လို ဖြေကြားလိုက်တာဖြစ်တယ်။ အဲဒီ ဗီဒီယိုဖိုင်တွေကို သက်သေအဖြစ် တင်ပြသွားမှာဖြစ်တယ်"လို့ ဆိုပါတယ်။ ဘူးသီးတောင်မြို့နယ် ကင်းတောင်(မွတ်စလင်)ကျေးရွာမှာ ဇန်နဝါရီ ၂၅ ရက်နေ့က နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ သတင်း- လင်းလက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up