ပီအက်စ်ဂျီနှင့် ဒေါ့မွန်အသင်း ချန်ပီယံလိဂ်ပွဲစဉ် ကွင်းပိတ်ကစားမည်

(Picture: AFP)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မတ် ၁၁ ရက် ယှဉ်ပြိုင်ကစားမယ့် ပီအက်စ်ဂျီအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်ကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေမှုကို ကြိုတင်ကာကွယ်မှုတခုအနေနဲ့ ဒီလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘောလုံးအားကစားကိုပါ သက်ရောက်မှုတွေ ရှိလာခဲ့ပြီး အီတလီ အစိုးရက ပြည်တွင်းပွဲစဉ်တွေနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို ပရိသတ်မပါဘဲ ကစားဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ ဗိုင်းရပ်စ်ဂယက်ဟာ ယူရိုပါလိဂ်အထိ ရောက်ရှိလာခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားမှုကို ပရိသတ် အင်အားမပါဘဲ တွန်းလှန်ဖို့ စွမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။  အတ္တလန္တာနဲ့ ဗလင်စီယာအသင်းတို့ရဲ့ ပွဲစဉ်ကိုလည်း ပရိသတ်မပါဘဲ ကစားဖို့ ဆုံးဖြတ်ခဲ့ပြီး လီဗာပူးနဲ့ အက်သလက်တီကိုပွဲ၊ စပါးအသင်းနဲ့ လိုက်ပစ်ဇ်အသင်းတို့ ပွဲစဉ်တွေကိုတော့ ပုံမှန်အတိုင်း ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ထုတ်ပြန်ချက်တွေကြောင့် ဂျူဗင်တပ်စ်အသင်းနဲ့ လိုင်ယွန်အသင်းတို့ရဲ့ ပွဲစဉ်ဟာလည်း ပရိသတ်မပါဘဲ ကစားရမှာ သေချာသလောက် ရှိနေပြီး စီရီးအေအသင်းဘက်က ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိဖို့အတွက် ပွဲကို မော်တာနိုင်ငံမှာ ပြောင်းရွှေ့ကစားဖို့ ကြိုးစားနေပါတယ်။ ပြင်သစ်နဲ့ အီတလီတို့မှာ အားကစားပွဲတွေကို ပရိသတ်မပါဘဲ ကစားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အင်္ဂလန်မှာတော့ အားကစားပွဲတွေကို ဒီလိုမျိုးလုပ်ဖို့ လက်ရှိအချိန်အထိ အစီအစဉ် မရှိသေးပါဘူး။ အင်္ဂလန်ယဉ်ကျေးမှုဝန်ကြီး အိုလီဗာဒေါ်ဝင်က ဒီသတင်းကို ဘီဘီစီမှာ အတည်ပြု ပြောဆိုပေးခဲ့ပြီး “လက်ရှိအခြေအနေမှာတော့ ကျနော်တို့နိုင်ငံဟာ ပြိုင်ပွဲတွေကို ရွှေ့ဆိုင်းခြင်း ဒါမှမဟုတ် ဖျက်သိမ်းခြင်း လုပ်ဆောင်ဖို့ မလိုအပ်တဲ့ အနေအထားမှာရှိနေပြီး နောက်လည်း ဒီလိုလုပ်ဆောင်ရမယ့်အနေအထား မလိုအပ်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up