မြန်မာ-အိန္ဒိယ နယ်စပ်ဝင်ထွက်ပေါက်ကို အိန္ဒိယနိုင်ငံဘက်က စတင်ပိတ်
Aung Ko Latt
·
March 10, 2020
မြန်မာ-အိန္ဒိယနယ်စပ် တမူး-မိုးရေးနယ်စပ်ဂိတ်အားလုံးကို အိန္ဒိယဘက်ကနေ မတ်လ ၁၀ ရက်နေ့မနက်ပိုင်းက စတင်ကာ ပိတ်လိုက်ပြီဖြစ်ပါတယ်။
ကိုရိုနာဗိုင်းပ်စ် COVID-19 ရောဂါပျံ့နှံ့မှုကို တားဆီးကာကွယ်ဖို့အတွက် မီဇိုရမ်ပါလီမန်က အစိုးရကိုတောင်းဆိုပြီးနောက် ခုလိုပိတ်ပင်လိုက်တာဖြစ်ပြီး ဘယ်လောက်ကြာကြာပိတ်မယ်ဆိုတာတော့ မသိရသေးပါဘူး။
တမူးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက "သူတို့ဘက်က ပိတ်တာပါ။ ကြားတာတော့ အင်ဖာမှာ ၁၃ ယောက် သံသယဖြစ်တယ်။ ၁၁ ယောက်ကတော့ မဟုတ်ဘူး သိရတယ်။ ၂ ယောက်ကတော့ အဖြေမထွက်သေးဘူး။ ဒါကြောင့်ပိတ်တယ်ကြားတာပေါ့။ ကျနော်တို့လည်း ယာယီတော့ ပိတ်ထားတယ်။ ဒီမနက် ၁၀ နာရီ အစည်းဝေးလုပ်မယ်။"လို့ ပြောပါတယ်။
လတ်တလောမှာတော့ နန်းဖာလုံနယ်စပ်ဈေးမှာ အရောင်းအဝယ် ရပ်ဆိုင်းသွားပါတယ်။ ဘယ်လောက်ကြာကြာပိတ်မယ်ဆိုတာ မသိရတဲ့အတွက် ကုန်စည်စီးဆင်းမှုအပေါ်မှာ စိုးရိမ်မှုတွေလည်း ရှိပါတယ်။
တမူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က "သူတို့ဘက်က ပိတ်လိုက်တာပေါ့။ ကျနော်တို့ဘက်ကတော့ ၂ လပိုင်းကတည်းက ကိုရိုနာ စောင့်ကြည့်ရေးတွေ နယ်စပ်ဂိတ် ၁၊ ၂တွေမှာ လုပ်ဆောင်နေပါတယ်။ ကြားကနေ ဝင်မလာ နိုင်အောင်လည်း လှည့်ကင်းတွေ၊ ရပ်ကင်းတွေ ချထားပါတယ်။"လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ကတော့ နှစ်နိုင်ငံနယ်စပ်ဂိတ်တင်မက တခြား ဆက်စပ်နေတဲ့ ဝင်ပေါက်၊ ထွက်ပေါက်တွေကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အိန္ဒိယဘက်ကို ကုန်စည်တင်ပို့မှုတွေ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။