လယ်ဧက ၁၂၀၀၀ ကျော် ရေကြီးနစ်မြုပ်မှု မဖြစ်စေရန် မုက္ခမူချိန်းချောင်း တူးဖော်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကျေးရွာအုပ်စု ခြောက်အုပ်စုက လယ်ဧက ၁၂၀၀၀ ကျော် ရေကြီးနစ်မြုပ်မှု မဖြစ်ပေါ်စေဖို့ ရည်ရွယ်​ပြီ မုက္ခမူ ချိန်းချောင်းကို တူးဖော်နေတယ်လို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနက ပြောပါတယ်၊ ​ညောင်လေးပင်မြို့နယ်အတွင်းမှာရှိတဲ့ မုက္ခမူ ချိန်းချောင်း တူးဖော်တဲ့ လုပ်ငန်းကို အပိုင်း ၂ အနေနဲ့ တင်ဒါအောင် ကုမ္ပဏီ သုံးခုက ဇန်နဝါရီလက စတင်ကာ ဧပြီလကုန်အထိ အလျားမိုင် ၁၁ ဒသမ ၅မိုင်ကို ပြန်လည်တူးဖော်နေတာ ဖြစ်ပါတယ်။ မတူးဖော်တာ ကြာပြီဖြစ်တဲ့ မုက္ခမူ ချိန်းချောင်းဟာ တိမ်ကောပြီး ကျဉ်းမြောင်းလာတာ​ကြောင့် ကျေးရွာအုပ်စု ခြောက်အုပ်စုမှာရှိတဲ့ လယ်ယာ​​မြေ ဧက ၁၂၀၀၀ ကျော်ဟာ နှစ်စဉ်လို ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံနေရတာ​ပါ။ ဒီနှစ်မိုးရာသီကာလမှာ မုက္ခမူ ချိန်းချောင်းဝန်းကျင်မှာရှိတဲ့ ကျေးရွာအုပ်စု ​ခြောက်အုပ်စုက လယ်ဧက ၁၂၀၀၀ ကျော် ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေဖို့ ၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ၁၁၉၇ သန်းကျော် အကုန်ကျခံကာ မုက္ခမူ ချိန်းချောင်း ရထားသံလမ်းတံတားကနေ ကျောက်တံခါးမြို့နယ် အစပ်အထိ တူးဖော်နေတာလို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်အောင်က ဒီဗွီဘီကို ပြောပါတယ်။ “အခုလက်ရှိမှာ မုက္ခမူ ချိန်းချောင်း တူးဖော်တဲ့လုပ်ငန်းက ခုနှစ်ဆယ် ရာခိုင်နှုန်း ပြီးစီးနေပါပြီ၊ အခက်အခဲအနေနဲ့တော့ မရှိဘူး၊ တောင်သူတွေရဲ့လိုအပ်ချက်ကို လိုက်ဖြည့်ပြီ ဆောင်ရွက်ရတာမျိုးလောက်ပဲ ရှိပါတယ်။" မုက္ခမူ ချိန်း​ချောင်းကို အပိုင်း  ၁ အနေနဲ့ ၂၀၁၇/၂၀၁၈ ဘဏ္ဍာနှစ်က တိုင်းဒေသကြီး ဘတ်ဂျက်ငွေနဲ့ ဆိုင်ကွလေးကျေးရွာကနေ မုက္ခမူကျေးရွာ အထက်ပိုင်းအထိ ၈ မိုင်နီးပါးကို တူးဖော်ခဲ့ပြီး ဖြစ်ပါတယ်။ နေလင်းထိုက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up