တူနီးရှားနိုင်ငံ အမေရိကန်သံရုံးအနီး အသေခံဗုံးခွဲ

AFP via Getty Images
တူနီးရှားနိုင်ငံ မြို့တော်တူးနစ်က  အမေရိကန်သံရုံးနားမှာ မတ်လ ၆ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ခဲ့ပြီး  တိုက်ခိုက်သူ စစ်သွေးကြွ နှစ်ဦး သေဆုံးခဲ့ပါတယ်။  နိုင်ငံပိုင် TAP သတင်းဌာနကတော့ ရဲတပ်ဖွဲ့ဝင် တဦး သေဆုံးတယ်လို့ ကြေညာပါတယ်။ စစ်သွေးကြွနှစ်ဦးဟာ မော်တော်ဆိုင်ကယ်နဲ့ အသေခံဗုံးခွဲပြီး ရဲတပ်ဖွဲ့ဝင် အများအပြား  ဒဏ်ရာရတယ်လို့ နိုင်ငံပိုင်ရုပ်သံက ကြေညာခဲ့ပါတယ်။  ပေါက်ကွဲမှုဟာ အမေရိကန် သံရုံးပင်မ ဝင်ပေါက်အနီး ဖြစ်ခဲ့ပြီး မော်တော်ဆိုင်ကယ်နဲ့ ရဲတပ်ဖွဲ့ယာဉ် တစီး  မီးလောင် ပျက်စီးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  ဒီတိုက်ခိုက်မှုမှာ အရပ်သားတဦးလည်း အနည်းငယ် ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်မှု ပြီးနောက်  မှုခင်းစုံစမ်းရေးအဖွဲ့ဝင်တွေ အခင်းနေရာကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြို့တော်တူးနစ်က နေရာတချို့က လမ်းတွေကို ပိတ်ခဲ့သလို နိုင်ငံတကာအဖွဲ့အစည်း အဆောက်အအုံတွေကို ပိတ်တာ၊ အထဲက လူတွေကို ဘေးလွတ်ရာ ပြောင်းတာတွေလည်း လုပ်ခဲ့ပါ တယ်။     တူနီးရှားနိုင်ငံမှာ စစ်သွေးကြွ တိုက်ခိုက်မှုတွေကြောင့် ခရီးသွားကဏ္ဍဟာ အတော်လေး ထိခိုက်နေပါတယ်။  ၂၀၁၅ ခုနှစ်က အပန်းခြေစခန်းနဲ့ ပြတိုက်မှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြီး နှစ်ခုကြောင့် ခရီးသွားကဏ္ဍ ယိုယွင်းခဲ့ရတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up