ဆီးရီးယားတွင် အပစ်ရပ်ရန် ရုရှားနှင့်တူရကီသဘောတူ
DVB
·
March 6, 2020
ဆီးရီးယားနိုင်ငံ၊ အီဒလစ်ပြည်နယ်မှာ တူရကီနဲ့ ရုရှားတို့အကြား အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ မတ် ၅ ရက်မှာ တူရကီသမ္မတ တေယစ် အာဒိုဝမ်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ သဘောတူညီခဲ့ပါတယ်။
သုံးလအတွင်း လူ ၁ သန်းလောက် နေရပ်စွန့်ခွာရတဲ့ ပဋိပက္ခကို ထိန်းချုပ်ဖို့ တူရကီနဲ့ ရုရှား ခေါင်းဆောင်နှစ်ဦး အချိန်ကြာကြာ ဆွေးနွေးခဲ့ပြီးနောက် သဘောတူခဲ့ကြတာပါ။
ဒေသတွင်းတင်းမာမှုတွေ လျှော့ချစေနိုင်ဖို့ တူရကီနဲ့ရုရှားတို့ဟာ ဆီးရီးယားရဲ့ အီဒလစ်ပြည်နယ်တွင်း သော့ချက်ကျတဲ့ အရှေ့အနောက် အဝေးပြေးလမ်းမကြီးတလျှောက် လုံခြုံရေးစင်္ကြန်တခုတည်ဆောက်ဖို့နဲ့ မတ် ၁၅ ရက်ကစလို့ ပူးတွဲကင်းလှည့်တာတွေ လုပ်ဆောင်သွားဖို့ သဘောတူလိုက်ကြပါတယ်။
တူရကီနဲ့ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ကြေညာချက်ထဲမှာ ဒီလုံခြုံရေး စင်္ကြန်ဟာ အမ်ဖိုးအဝေးပြေးလမ်းမကြီးတောင်ဘက် ၆ ကီလိုမီတာနဲ့ မြောက်ဘက် ၆ ကီလိုမီတာ အထိ ရှည်လျားမှာဖြစ်ပြီး နှစ်ဘက်ကာကွယ်ရေးဝန်ကြီးတွေကလည်း ၇ ရက်အတွင်း သတ်မှတ်နယ်နိမိတ်တွေကို အသိအမှတ်ပြု လုံခြုံရေးစင်္ကြန်အဖြစ် အတည်ပြုပေးသွားမှာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။