နည်းပြနဲ့ပရိသတ် ယုံကြည်နေသရွေ့ ဆက်သွားနေဦးမှာ၊ တခြားလူတွေပြောတာ ဂရုစိုက်နေမှာ မဟုတ်ဘူး – အီဂါလို

မန်နေဂျာ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုကိုရရှိထားခြင်းကြောင့် ဘယ်သူတွေဘာ ပြောပြောဂရုစိုက်နေမှာ မဟုတ်ဘူးလို့ ယူနိုက်တက်တိုက်စစ်မှူး အိုဒီယွန်အီဂါလိုက ပြောဆိုလိုက်ပါတယ်။  ဒါဘီအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ပွဲအပြီးမှာ အခုလိုပြောဆိုလိုက်တာပါ။ ဒီပွဲမှာ အီဂါလိုဟာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းဟာလည်း ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အသက် ၃၀ အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်း  အရွှေ့ နောက်ဆုံးရက်မှာမှ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ၆ ပွဲကစားပြီးချိန်မှာ  သုံးဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။  အီဂါလိုကို ခေါ်ယူခဲ့ချိန်မှာ ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ တိုက်စစ်မှူးရဲ့ ခြေစွမ်းပြနိုင်မှုကြောင့် ဝေဖန်သံတွေဟာ တိတ်ဆိတ်လာခဲ့ပါပြီ။ “ကျနော့်အကြောင်းကို အကဲဖြတ်သူတွေဘာပဲပြောပြော သိပ်ဂရုစိုက်မနေပါဘူး။ ကျနော် ဒီမှာပျော်ပါတယ်။ ပြီးတော့ ဒီနိုင်ပွဲအတွက် အသင်းဖော်တွေအားလုံးကို ချီးကျူးဂုဏ်ပြုချင်ပါတယ်” လို့ အီဂါလိုက ပြောပါတယ်။  “ကျနော့်အသင်းဖော်တွေ၊ ကျနော့်နည်းပြနဲ့ ပရိသတ်တွေ ကျနော့်အပေါ်ယုံကြည်နေသရွေ့ ကျနော် ဆက်သွားနေဦးမှာပါပဲ။ တခြားလူတွေပြောတာကို ဂရုစိုက်နေမှာမဟုတ်ပါဘူး” လို့ ထပ်မံပြောဆိုပါတယ်။  အီဂါလိုဟာ ယူနိုက်တက်အသင်းအတွက် လာခြင်းကောင်းတဲ့ ကစားသမားလို့ သတ်မှတ်ရမှာဖြစ်ပြီး သူဟာ ယူနိုက်တက်အသင်းပုံစံကောင်းရရှိချိန်မှာ ရောက်ရှိလာခဲ့သူဖြစ် ကာ သူပါဝင်တဲ့ ပွဲတိုင်းမှာ ယူနိုက်တက်ဟာ ရှုံးနိမ့်ခြင်း မရှိသေးပါဘူး။  ယူနိုက်တက်အသင်းဟာ သူ့ငယ်ဘဝအိပ်မက်အသင်းဖြစ်တယ်လို့ ဝန်ခံထားတဲ့ အီဂါလိုဟာ သူ့အပေါ်ယုံကြည်မှုရှိတဲ့ နည်းပြဆိုးလ်ရှားအတွက် ပြန်လည်ပေးဆပ်ဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။  “ကျနော်ဒီအသင်းမှာရှိရတာ၊ ဒီလိုမျိုးအသင်‌ေဖော်တွေ၊ မန်နေဂျာတွေနဲ့ လက်တွဲအလုပ်လုပ်ရတာ တကယ်ကိုပျော်ရွှင်မိပါတယ်။ ကျနော်တို့အစွမ်းကုန် ကြိုးစားနေပါတယ်” လို့လည်း သူကပြောပါတယ်။  ဒါဘီအသင်းကို အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ နော့ဝစ်ချ်အသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up