တရုတ်နိုင်ငံ အကျဉ်းထောင်၌ မြန်မာ ၂ ဦး ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရ
DVB
·
March 5, 2020
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ် အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ မြန်မာနို်ငငံသား ၂ ဦး ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက်ခံနေရတယ်လို့ ပေကျင်းအခြေစိုက် မြန်မာသံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဆိုပါ မြန်မာနိုင်ငံသား၂ ဦးဟာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ သယ်ယူပို့ဆောင် ပြစ်မှုနဲ့ အကျဉ်းကျခံနေရသူတွေဖြစ်ပါတယ်။
သူတို့ ၂ ဦးကို ဖေဖော်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ဆေးရုံသို့ ပို့ဆောင်ကာ ပုံမှန်ဆေးဝါးကုသပေးနေပြီး လက်ရှိ ရောဂါအခြေအနေတည်ငြိမ်မှုရှိနေပေမယ့် ဆေးရုံကနေ ဆင်းခွင့်မရသေးဘူးလို့ ဟူပေပြည်နယ် အကျဉ်းထောင်စီမံခန့်ခွဲရေးဌာနက သံရုံးကို အကြောင်းကြား လာတယ်လို့ သိရပါတယ်။
ဟူပေပြည်နယ်ဟာ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရစ်ရောဂါ စတင်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့ရှိရာ ပြည်နယ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရတဲ့ အတည်ပြုလူနာ မတွေ့ရသေးပေမယ့် စင်ကာပူနိုင်ငံမှာ မြန်မာ ၁ ဦးနဲ့ တရုတ်နိုင်ငံမှာ ၂ ဦး စုစုပေါင်း ၃ ဦးရှိသွား ပြီဖြစ်ပါတယ်။