လာမည့်ရက်ပိုင်းအတွင်း ပွဲစဉ်များကို ဗိုလ်လုပွဲလို ကစားရမည်ဟု လီဗာပူးဂိုးသမား ပြော

လီဗာပူးအသင်းဟာ လာမယ့်ရက်ပိုင်းတွေမှာ ကစားရမယ့် ပွဲစဉ်တွေကို ဗိုလ်လုပွဲတွေလို ကစားသွားရမယ်လို့ ဂိုးသမား အက်ဒရီယန်က ပြောလိုက်ပါတယ်။ လီဗာပူးအသင်းဟာ နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ အကောင်းဆုံး အနေအထားကို ရောက်ရှိနေပြီး ၂၈ ပွဲ ကစားပြီးချိန် ဒုတိယနေရာမှာရှိနေတဲ့ မန်စီးတီးအသင်းကို ၂၂ မှတ် ဖြတ်ထားပါတယ်။ ကလော့ပ်ရဲ့ အသင်းသားတွေဟာ နောက်ထပ် ၄ ပွဲ ထပ်မံအနိုင်ရရှိရုံနဲ့ ပရီးမီးယားလိဂ်ဖလား ရမှာဖြစ်ပြီး ဆောင်းရာသီအားလပ်ရက်နောက်ပိုင်း အသင်းခြေစွမ်း ကျဆင်းလာတဲ့အပေါ် မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။  လီဗာပူးအသင်းဟာ အားလပ်ရက်နောက်ပိုင်းမှာ ကစားခဲ့တဲ့ နော့ဝှစ်ချ်နဲ့ ဝက်စ်ဟမ်း အသင်းတွေကို ကျဉ်းမြောင်းနဲ့ရလဒ်နဲ့ပဲ အနိုင်ရရှိခဲ့ကာ ချန်ပီယံလိဂ် ၁၆ သင်း ပထမအဆင့်ပွဲ စဉ်မှာတော့ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့ပြီး ဝက်ဖို့ဒ်အသင်းကိုလည်း ဂိုးပြတ်နဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။  လီဗာပူးအသင်းဟာ မတ် ၃ ရက်ည အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာလည်း ချဲလ်ဆီး အသင်းနဲ့ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ လီဗာပူးအသင်းဟာ မတ်လ ၇ ရက်နေ့မှာ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ် ဖလားပွဲ ကစားရမှာဖြစ်ပြီး ၄ ရက်အကြာမှာတော့ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲကို ယှဉ်ပြိုင်ရမှာပါ။ “ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာလည်း ဝက်ဖို့ဒ်ပွဲရဲ့ ရှုံးနိမ့်မှုကနေ ရုန်းထွက်ဖို့ အနိုင်ကစားဖို့ လိုအပ်ပါတယ်။ အက်သလက်တီကိုအသင်းနဲ့ ပွဲစဉ်ဟာလည်း ကျနော်တို့အတွက် ဗိုလ်လုပွဲပဲ ဖြစ်ပြီး ပထမအကျော့က ရှုံးနိမ့်မှုကို ချေဖျက်ဖို့ အနိုင်ကစားဖို့ လိုအပ်ပါတယ်။ ပွဲစဉ်တိုင်းဟာ ခက်ခဲမှာဖြစ်တဲ့အတွက် ကျနော်တို့ ပရိသတ်တွေရဲ့ အားပေးမှုကို လိုအပ်ပါတယ်။”

More News
Up