မိုးညှင်းတွင် ရုတ်တရက်သေဆုံးသည့် ဝက်များကို မမြှုပ်ဘဲ ပြန်ရောင်းနေ
DVB
·
March 5, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားမြို့မှာ မွေးမြူထားတဲ့ဝက်တွေ ရုတ်တရက်သေဆုံး နေတာကို မမြှုပ်ဘဲ ရောင်းတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နန်းမားမြို့က မြို့နယ် တိမွေးကုဌာနနဲ့ ကျေးလက်လူငယ် (ကြက်ခြေပြာ) ဆင်းထားသူ ဦးတင်မောင်က “လွန်ခဲ့တဲ့ ဇန်နဝါရီလကစပြီး ခုချိန်ထိ ဝက်တွေသေနေတုန်းပဲ။ တချို့ဆို တခြံလုံးပြုတ် သေတာ။ ရောဂါနဲ့သေတဲ့ဝက်ကိုပိုင်ရှင်က အရှုံးမခံနိုင်လို့ မမြှုပ်ဘဲ ရောင်းစားတာတွေ ရှိတယ်။ ဘယ်သူမှ စစ်ဆေးတာ မရှိဘူး။ ဆယ်အိမ်မှူးတွေက သတင်းမပို့လို့ မသိတာလားဆိုတာ မပြောတတ်ဘူး။ ကျနော်ကတော့ လူတွေသိအောင် လိုင်းပေါ်တင်ထားတယ်” လို့ ပြောပါတယ်။
ဝက်တွေ သေဆုံးတဲ့လက္ခဏာက ပါးစပ်က အမြှုပ်ထွက်ပြီး နှာခေါင်း၊ ပါးစပ်နဲ့ နားရွက်ဖျားတွေ ညိုတာနဲ့ သေဆုံးတာရှိသလို တချို့က ရောဂါလက္ခဏာမတွေ့ဘဲ အစာစားရင်း ရုတ်တရက်သေတယ်လို့ သိရပါတယ်။
နန်းမားမြို့အနီးကျေးရွာဖြစ်တဲ့ အလယ်တောကျေးရွာနဲ့ တကွင်းကျေးရွာတွေမှာ ဝက်တွေ ခြံလုံးကျွတ်သေဆုံးမှုဖြစ်ပြီး နန်းမားမြို့အနီး ကျေးရွာတွေမှာ ဝက်သေဆုံးမှုအကောင် ၁၀၀ ကျော်သွားပြီလို့ သိရခဲ့ပါတယ်။
အလယ်တောကျေးရွာမှ ဝက်မွေးမြူသူ ကိုဇော်မျိုးဟိန်းက “ကျနော့်ဝက်ခြံက ဖေဖော်ဝါရီလ လယ်လောက်က တခြံလုံး သေသွားတာ။ အားလုံးအကောင် ၃၀ လက္ခဏာကတော့ ပါးစပ်က အမြှုပ်ထွက်တယ်၊ သွေးထွက်ပြီး သေတာ၊ သေတဲ့ဝက်တွေကို အဝေးကြီးမှာ သွားမြှုပ်လိုက်တယ်။ ရွှေဘိုဘက်က လာရောင်းတဲ့ဝက်တွေကြောင့် ရောဂါရတယ် ထင်တာပဲ။ သိန်း ၃၀ ကျော်လောက် ဆုံးသွားတယ်” လို့ ပြောပါတယ်။
ဝက်တွေကို ရောဂါမဖြစ်အောင် ၃ ရက်ဆေးထိုးပြီး ခြံကို ကြိုတင်ဆေးဖျန်းမှုပြုလုပ်ခဲ့လို့ သေဆုံးမှုမရှိဘဲ ဝက်အကောင် ၁၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ကြက်ခြေပြာသင်တန်းဆင်း ဦးတင်မောင်က ပြောပါတယ်။
သတင်း - ခင်သန်းညွန့်