မောင်တောမြို့တွင် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ စံချိန်တင်ဖမ်းမိ
DVB
·
March 3, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ မတ်လ ၂ ရက် ညနေ ၅ နာရီက ကျပ်ငွေ ၉ ဘီလီယံကျော်ဖိုးလောက်ရှိတဲ့ wy နဲ့ R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့မရဲစခန်းက သိရပါတယ်။
“မောင်တောခရိုင် ရဲတပ်ဖွဲမှူးဦးစီးတဲ့အဖွဲ့ရယ် မောင်ခရိုင်မူးယစ်အထူတပ်ဖွဲ့ ၄၆ ရယ် နောက် မောင်တောမြို့နယ်က ရဲတပ်သားတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်သေတွေ ပါပါတဲ့ ပူးပေါင်းအဖွဲ့ကနေသတင်းအရ ကုန်ပစ္စည်းတွေတင်ထားတဲ့ ဟိုင်းလက်စ်ကားကို သွားရောက် ရှာဖွေစစ်ဆေးရာမှာ ဖမ်းမိတာဖြစ်တယ်" လို့ မောင်တောမြို့နယ်စခန်းမှူး ဒုရဲမှူး ရဲနိုင်ထွန်းကပြောပါတယ်။
အဆိုပါ ဟိုင်းလက်စ်ယာဉ်မှာ မောင်တောမြို့ ဦးဥတ္တမလမ်း မြန်မာ့ခေတ်မီ စာကြည့်တိုက်ရဲ့ အရှေ့ဆိုင်တန်းရှိ ဓာတ်ဆီဆိုင်အနီး ကြက်သွန်နီ သိုလှောင်တဲ့ ဂိုထောင်မှာ တင်ဆောင်နေတဲ့ ဆာလာအိမ်အဝါရောင်နဲ့ မူးယစ်ဆေးတွေထည့်ထားတဲ့ အထုပ်ကြီး ၅၁၈ ထုပ်နဲ့အတူ ကားပေါ်မှာ တွေ့ရှိသူတရားခံတဦးနဲ့အတူ ဖမ်းဆီးခဲ့တာပါ။
ဖမ်းမိတဲ့ မူးယစ်ဆေးထုပ်တွေကို ဖောက်ရေတွက်ရာ Wy နဲ့ R စာတမ်း ဆေးပြား စုစုပေါင်း ၄၉၄၀၉၆၀ ပြား ကာလတန်ဖိုးကျပ် ၉၈၈၁,၉၂၀,၀၀၀ ဖိုးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မောင်တောမြို့မရဲစခန်းက သိရပါတယ်။
ဖမ်းဆီးမိသူ မြို့မမြောက် မြို့မ မွတ်ဆလင်ရွာနေ ဆော်ဒူလာမိလ် ၂၁ နှစ်(ဘ)ဂျော်မိလာ ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၉(က)၂၁ အရ အမှုဖွင့် အရေးယူထားပြီး ထွက်ပြေးသွားတဲ့ဒရိုင်ဘာနဲ့ ပစ္စည်းပိုင်ရှင်တွေကို မောင်တောမြို့နယ်ရဲစခန်းက ဖမ်းဆီးရမိရေးဆောင်ရွက်နေပါတယ်။
သတင်း-လင်းလက်