ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားသည့် အီတလီ တက္ကသိုလ် ကောလိပ်များ အွန်လိုင်းကတဆင့် စာသင်ကြား

1.9K
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အီတလီနိုင်ငံမှာ တပတ်ကျော်ကြာ ပိတ်ထားရတဲ့ တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ ကျောင်းတွေ တော်တော်များများဟာ အွန်လိုင်းကနေ စာသင်ကြားမှုတွေ ပိုလုပ်လာနေကြပါတယ်။
နိုင်ငံတဝန်းဒေသ တော်တော်များများက ကျောင်းတွေ တက္ကသိုလ်တွေဟာ ကျောင်းသားတွေကို စာသင်ကြားရာမှာ ဆရာတွေက သင်ခန်းစာတွေကို ဗီဒီယိုရိုက်ကူးပြီး အင်တာနက်ဝက်ဘ်ဆိုက်တွေ ၊ Skype နဲ့ Microsoft Teams ၊ Google Classroom လို အွန်လိုင်းဝန်ဆောင်မှုတွေကနေ ရယူသင်ကြားနိုင်ဖို့ ထုတ်လွှင့်ပေးနေပါတယ်။
ကျောင်းသားဦးရေ ၄၀၀၀၀ ကျော်ရှိတဲ့ ဘီယိုကော့ကာ မီလာနို Biococca-Milano တက္က သိုလ်မှ ဓါတုဗေဒပါမောက္ခ လုကာဒီဂျော်အီယာက “ဒီလိုအချိန်မျိုးမှာ ဒါဟာ ကျနော်တို့အတွက်ရော ကျောင်းသားတွေအတွက်ပါ အချိန်မကုန်ဘဲ ထိတွေ့နေစေနိုင်ဖို့ သိပ်အသုံးဝင်တဲ့နည်းပါပဲ” လို့ ပြောပါတယ်။
အီတလီမှာ အခု ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၉၄ ယောက် ရှိနေတာပါ။ မြောက်ပိုင်းဒေသတွေဖြစ်ကြတဲ့ လွန်ဘာဒီယာ၊ ဗီနစ်တိုနဲ့ အီမီလီယာ ရိုမက်ဂ်နာတို့မှာ ကျောင်းတွေကို အခုသီတင်းပတ်ကုန်တဲ့အထိ ပြန်ဖွင့်နိုင်မှာ မဟုတ်သေးဘူးလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။